Set-piece နည်းပြ နီကိုလက်စ်ဂျိုဗာကို သက်တမ်းတိုးရန် ဆွေးနွေးနေတဲ့ အာဆင်နယ်အသင်း
10 Decအာဆင်နယ်အသင်း Set-piece နည်းပြ နီကိုလက်စ်ဂျိုဗာ ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း သိရပါတယ်။ အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျိုဗာ ဟာ ၂၀၁၆ ခုနှစ်က ဘရန့်ဖို့ဒ်အသင်းမှာ Set-piece နည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ အာတီတာ အနေနဲ့ အာဆင်နယ်နည်းပြ ဖြစ်လာပြီးနောက် ၂၀၂၁ ခုနှစ်မှာ ဂျိုဗာ က အာဆင်နယ်အသင်းထံသို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ဂျိုဗာကို မခန့်အပ်မီက Set-piece များတွင် စွမ်းဆောင်ရည်ညံ့ဖျင်းတဲ့ အသင်းအဖြစ် ရပ်တည်ခဲ့ပြီး ၂၀၂၀-၂၁ ရာသီမှာ Set-piece မှ ၆ ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့အတွက် ပရီးမီးယားလိဂ်အသင်း ၂၀ ထဲတွင် အဆင့် (၁၈)နေရာသာ ရရှိခဲ့ပါတယ်။ ၂၀၂၁-၂၂ ရာသီမှာ ၁၆ ဂိုးနဲ့ အဆင့် (၃)နေရာ၊ ၂၀၂၂-၂၃ ရာသီတွင် ၁၅ ဂိုးနဲ့ အဆင့်(၄)နေရာ၊ ၂၀၂၃-၂၄ ရာသီတွင် ၂၀ ဂိုးနဲ့ အဆင့်(၁)နေရာကို ရရှိလာခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းက ဂျိုဗာ ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုကာ အသင်းတွင် ရေရှည်ထိန်းသိမ်းသွားနိုင်ရန် လိုလားနေခြင်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ဂျိုဗာ ကို လစာနှုန်းထားတိုးမြှင့်ပေး၍ စာချုပ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ပြီး ၎င်းကလည်း အာဆင်နယ်အသင်းနှင့် ရေရှည်လက်တွဲသွားရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။ အာတီတာ က ဂျိုဗာ ကို အသင်းအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ပြောကြားထားကြောင်း သိရပါတယ်။(NVS 003)