“အစ္စရေးက ဂါဇာမြောက်ပိုင်းရှိဆေးရုံကို တိုက်ခိုက်မှုများပြုလုပ်”
09 Decအစ္စရေးစစ်ဘက်က ဂါဇာမြောက်ပိုင်းရှိဆေးရုံကို ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အတွက် ဆေးရုံရှိ လုပ်ငန်းများအားလုံးရပ်ဆိုင်းထားရကြောင်း ပါလက်စတိုင်းကျန်းမာရေးတာဝန်ရှိသူများက ဒီဇင်ဘာလ ၈ ရက် တွင်ပြောသည်။ အစ္စရေးသည် ဘေ့လာဟီယာမြို့ရှိ ကာမယ်အတ်ဒဝမ်ဆေးရုံကို တိုက်ခိုက်မှုများလုပ်ခြင်း ဖြစ်ပြီး ထိုသို့တိုက်ခိုက်ခံရသည့်အတွက် လျှပ်စစ်ဓာတ်အားများပြတ်ပြီး အောက်စီဂျင်စက်များလည်း ပျက်စီးကာ အရေးပေါ်ခွဲစိတ်မှုများကို လုပ်ဆောင်နိုင်ခြင်း မရှိတော့ကြောင်း ဆေးရုံညွှန်ကြားရေးမှူး ဒေါက်တာ ဟတ်ဆမ် အဘူဆာဖီယာက ပြောသည်။ ဆေးရုံသည် ဒုံးသီးနှင့် ဗုံးသီးစုစုပေါင်း ၁၀၀ ခန့်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အတွက် ဆေးရုံ ဝန်ထမ်းများနှင့်လူနာများ ဒဏ်ရာများရရှိကြောင်း ၎င်းကဆက်ပြောသည်။ အစ္စရေးက ဆေးရုံကို တိုက်ခိုက်မှု လုပ်ချိန်တွင် ကုသမှုခံယူနေသည့် လူနာ ၁၁၂ ဦးရှိကြောင်း၊ ၎င်းတို့အနက် ခြောက်ဦးမှာ အထူးကြပ်မတ် ကုသမှု ခံယူနေသူများ ဖြစ်ကြောင်း ဆေးရုံညွှန်ကြားရေးမှူးက ပြောသည်ဟု TST သတင်းဌာနတွင် ဖော်ပြထားသည်။