“ဧရာဝတီတိုင်းဒေသကြီးမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၁၇ သိန်းကျော် ဝင်ရောက်ခဲ့”
09 Decဧရာဝတီတိုင်းဒေသကြီးသို့ ယခု ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလထိ ၁၁ လတာကာလအတွင်း ပြည်ပ ခရီးသွားဧည့်သည် ၁၆,ဝဝဝ ကျော်အပါအဝင် ပြည်တွင်း/ပြည်ပခရီးသွား ဧည့်သည်စုစုပေါင်း ၁၇ သိန်းကျော် ဝင်ရောက်ပြီး ယခင်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်းခန့် ပိုမိုဝင်ရောက်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ငွေဆောင်ကမ်းခြေဒေသနှင့် ဆက်စပ်ပြီးသွားလာနိုင်မယ့် ခရီးစဉ်ခုနစ်ခု၊ ချောင်းသာကမ်းခြေဒေသနှင့် ဆက်စပ်ပြီး သွားလာနိုင်မယ့် ခရီးစဉ်ငါးခုနှင့် ဂေါ်ရင်ဂျီ ကျွန်းခရီးစဉ်မှတစ်ဆင့် သွားလာ နိုင်မယ့် ခရီးစဉ်လေးခုတို့ကို ဖော်ဆောင်ထားရှိတဲ့အပြင် နောက်ထပ်ခရီးစဉ်သစ်လေးခုကိုလည်း တိုးချဲ့ဖော်ဆောင် ထားရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီးသို့ နှစ်စဉ်သီတင်းကျွတ်၊ တန်ဆောင်တိုင်ရုံးပိတ်ရက်များမှစပြီး ပွင့်လင်း ရာသီများမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားအများအပြား ဝင်ရောက်လေ့ရှိကာ ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ် တစ်နှစ်လုံးမှာ စုစုပေါင်းပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်ဦးရေ ၁၆ သိန်းကျော် ဝင်ရောက်ခဲ့တဲ့အတွက် ယခုနှစ်မှာ ခရီးသွားဧည့်သည်ဝင်ရောက်မှု ပိုမိုတိုးတက်လာခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးသို့ လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များက ငွေဆောင်ကမ်းခြေ ခရီးစဉ်နှင့် ချောင်းသာ ကမ်းခြေခရီးစဉ်တို့ကို အများဆုံးသွားရောက်လည်ပတ်ကြပြီး ထိုကဲ့သို့ ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာစေရန် သက်ဆိုင်ရာအစိုးရဌာနများနှင့် လုပ်ငန်းရှင်များက ပူးပေါင်းပြီး ကမ်းခြေသာယာလှပရေး၊ ဝန်ဆောင်မှုကောင်းများ ဖန်တီးပေးနိုင်ရေးနှင့် ခရီးသွားများလုံခြုံ စိတ်ချမှုရှိစေရေးတို့အတွက် စနစ်တကျစီမံ ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 003)