ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများကို Mobile Team ဖြင့် နိုင်ငံကူးလက်မှတ်နှင့် CI စာအုပ်သက်တမ်းတိုးရန် ဆောင်ရွက်ပေးမည်
08 Decထိုင်းနိုင်ငံရှိ စက်ရုံ/အလုပ်ရုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသည့် မြန်မာလုပ်သား များကို နိုင်ငံကူးလက်မှတ်နှင့် CI စာအုပ်သက်တမ်းတိုးရန် Mobile Team ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ ထုတ်ပြန်ထားပါတယ်။ Mobile Team ဖြင့် ဆောင်ရွက်ပေးရာတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရမည့်သူ အရေအတွက် ၄၀၀ ဦးနှင့်အထက်ရှိပါက လုပ်ငန်းမရပ်တန့်စေရေးနှင့် လုပ်သားများအနေနဲ့ နေ့တွက်စရိတ် မဆုံးရှုံးစေရေးတို့ကို ရည်ရွယ်ကာ စက်ရုံ/အလုပ်ရုံများနှင့် လုပ်ငန်းခွင်သို့ Mobile Team စေလွှတ်လုပ်ဆောင်ပေးမှာဖြစ်ကြောင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါကြောင့် လုပ်သားစာရင်းအား သတ်မှတ်ပုံစံဖြည့်စွက်၍ လုပ်ငန်းခွင်၏ HR Manager ထောက်ခံချက်နှင့် အတူ မြန်မာသံရုံး/ ကောင်စစ်ဝန်ချုပ်ရုံးတို့၏ ကောင်စစ်ဌာနသို့ ဒီဇင်ဘာလ ၉ ရက်မှစတင်၍ လာရောက် တင်ပြရန် လိုအပ်ကြောင်း အသိပေးထားပါတယ်။ ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် ထုတ်ပြန်ချက်အရ နိုင်ငံကူးလက်မှတ်နှင့် CI ကိုင်ဆောင်ထားသော မြန်မာလုပ်သားများအား ထိုင်းနိုင်ငံအတွင်း (၂) နှစ် သက်တမ်းရှိသည့် ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ကို ပေးအပ်သွားမည်ဖြစ်ရာ နိုင်ငံကူးလက်မှတ်များနှင့် CI စာအုပ်များ သက်တမ်းတိုးရန် လိုအပ်လာကြောင်း၊ နိုင်ငံကူးလက်မှတ်စာအုပ်များအနေဖြင့် (၂) နှစ် သက်တမ်းတိုးနိုင်ရန်အတွက် ပုံမှန်အားဖြင့် စာအုပ်သက်တမ်း အနည်းဆုံး (၂) နှစ်၊ (၆) လခန့် ကျန်ရှိရန် လိုအပ်ကြောင်း ဖော်ပြထားပါတယ်။ သို့ရာတွင် ထိုင်းနိုင်ငံ၏ သက်ဆိုင်ရာဌာနများအနေဖြင့် စာအုပ်၏ လက်ကျန်သက်တမ်းအတွင်း ယာယီ နေထိုင်အလုပ်လုပ်ကိုင်ခွင့် (Work Permit/Visa) ကို ခွင့်ပြုဆောင်ရွက်ပေးမည်ဆိုပါက စာအုပ်သက်တမ်း ကုန်ချိန်ရောက်ရှိလျှင် မြန်မာသံရုံး(ဘန်ကောက်)နှင့် ကောင်စစ်ဝန်ချုပ်ရုံး(ချင်းမိုင်) တို့တွင် စာအုပ်အသစ် ပြုလုပ်ခြင်း၊ စာအုပ်နှစ်အုပ်မှာ တစ်ဉီးတည်းဖြစ်ကြောင်း ထောက်ခံချက် (လိုအပ်လျှင်) ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)