ရန်ကုန်ဘွဲ့နှင်းသဘင်ခန်းမအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုရှိ နှစ်ပေါင်း ၁၀၀ နှင့်အထက်ရှိ အဆောက်အအုံပေါင်း ၄၀ ခုကို ရှေးဟောင်းအဆောက်အအုံများအဖြစ်သတ်မှတ်
08 Decတိုင်းဒေသကြီးနှင့် ပြည်နယ် ၇ ခုတို့ရှိ နှစ်ပေါင်း ၁၀၀ နှင့်အထက်သက်တမ်းရှိသော အဆောက်အအုံ ပေါင်း ၄၀ ခုကို ရှေးဟောင်းအဆောက်အအုံများအဖြစ် သတ်မှတ်လိုက်ပြီး အဆိုပါ အဆောက်အအုံများတွင် ရန်ကုန်ဘွဲ့နှင်းသဘင်ခန်းမ၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်၊ ကမ္ဘောဇရိပ်သာ ချင်းချောင်းနန်းတော်နှင့် ရေနံချောင်းတက္ကသိုလ်ပင်မဆောင် စသည့်တို့ပါဝင်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန် ထားပါတယ်။ ရှေးဟောင်းအဆောက်အအုံများအဖြစ် သတ်မှတ်ခဲ့သည့်စာရင်းတွင် ရန်ကုန်တိုင်းဒေသကြီးမှ ၁၅ ခု၊ မန္တလေးတိုင်းဒေသကြီးမှ ၅ ခု၊ ဧရာဝတီတိုင်းဒေသကြီးမှ ၂ ခု၊ ပဲခူးတိုင်းဒေသကြီးမှ ၆ ခု၊ မကွေးတိုင်းဒေသကြီးမှ ၂ ခု၊ မွန်ပြည်နယ်မှ ၉ ခု နှင့် ရှမ်းပြည်နယ်မှ ၁ ခု၊ စုစုပေါင်း အဆောက်အအုံ ၄၀ ခုတို့ ပါဝင်ပါတယ်။ နှစ်ပေါင်း ၁၀၀ နှင့်အထက်ရှိ အဆောက်အအုံများအား ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ် ရာမှာ ယဉ်ကျေးမှုသမိုင်းတန်ဖိုး၊ အနုပညာနှင့် ဗိသုကာလက်ရာကျန်ရှိမှု စတဲ့အချက်များနဲ့ ကိုက်ညီတဲ့ တက္ကသိုလ်များ၊ အခြေခံပညာအထက်တန်းကျောင်းများရှိ အဆောင်များနှင့် ရုံးများကို ရှေးဟောင်းအဆောက် အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၄၊ ပုဒ်မခွဲ(ခ)အရ သတ်မှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ရှေးဟောင်းအဆောက်အအုံများကွယ်ထိန်းသိမ်းရေး ဥပဒေကို ၂၀၁၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်မှာ ပြဋ္ဌာန်း ခဲ့ပြီး ၎င်းဥပဒေအခန်း(၂)ပါ ရည်ရွယ်ချက်များအရ ရှေးဟောင်းအဆောက်အအုံများ အဓွန့်ရှည်တည်တံ့စေရေး အတွက် ကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာမူဝါဒကို အကောင်အထည်ဖော်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်စေ၊ လူ့ပယောဂကြောင့်ဖြစ်စေ ရှေးဟောင်းအဆောက်အအုံများ ယိုယွင်းပျက်စီးပျောက်ဆုံးခြင်းမရှိစေရန်၊ ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ဇာတိဂုဏ်မြင့်မားလာစေရန်၊ တန်ဖိုးမြင့်မားမှုကို ပြည်သူများသိရှိနားလည်နိုင် စေရန်၊ ဖျက်ဆီးမှုမခံရစေရေးအတွက် ကာကွယ်စောင့်ရှောက်ရန်၊ ရှာဖွေဖော်ထုတ်ထိန်းသိမ်းရန်နှင့် ကာကွယ် ထိန်းသိမ်းခြင်းနှင့်စပ်လျဉ်းပြီး နိုင်ငံတော်မှ သဘောတူလက်ခံထားတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း၊ ဒေသ ဆိုင်ရာသဘောတူညီချက်များနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။(NVS 004)