ရုရှားက ဘယ်လာရုစ်၌ Oreshnik ဒုံးကျည်များချထားမည်

08 Dec

ရုရှားနိုင်ငံ၏ နောက်ဆုံးပေါ်အဆင့်မြင့် အသံနှုန်းလွန်ဒုံးကျည်ဖြစ်သော Oreshnik ဒုံးကျည်ကို ဘယ်လာရုစ် နိုင်ငံ၌ ဖြန့်ကြက်ချထားမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗာလာဒီမာပူတင် ကပြောသည်။ ရုရှားသမ္မတသည် အိမ်နီးချင်း မဟာမိတ်နိုင်ငံဖြစ်သော ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိပြီး သမ္မတ လူကာရှန်ကို နှင့် တွေ့ဆုံဆွေးနွေးစဉ် ယခုကဲ့သို့ ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ Oreshink ဒုံးကျည်များသည် လက်ရှိတွင် ရုရှားတပ်မတော်၌ တရားဝင်အသုံးပြုခြင်းမရှိသေးဘဲ စမ်းသပ် ပစ်ခတ်မှုများသာ လုပ်ဆောင်ထားဆဲဖြစ်သည်။ ထိုဒုံးကျည်များအနေဖြင့် အသုံးပြုရန်အသင့်ဖြစ်ပါက ရုရှား မဟာဗျူဟာမြောက်ဒုံးတပ်ဖွဲ့သို့ လွှဲပြောင်းပေးသွားမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ဘယ်လာရုစ်နိုင်ငံတွင်လည်း ဖြန့်ကြက်အသုံးပြုသွားမည်ဖြစ်ကြောင်း ပူတင် ကပြောထားခြင်းဖြစ်သည်။ ရုရှားနိုင်ငံသည် နျူကလီးယားထီးရိပ်အောက်တွင် ဘယ်လာရုစ်နိုင်ငံကို ထည့်သွင်းထားပြီဖြစ်ကြောင်း၊ ရုရှားနိုင်ငံ၏ နျူကလီးယားလက်နက်များကိုလည်း ဘယ်လာရုစ်၌ ဖြန့်ကြက်ပေးရန် ဘယ်လာရုစ်သမ္မတက တောင်းဆိုထားခြင်းဖြစ်ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ ထို့နောက် ပူတင် က လူကာရှန်ကို ၏ တောင်းဆိုချက်ကို သဘောတူပြီး အဆိုပါဒုံးကျည်များကို ၂၀၂၅ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ဖြန့်ကြက်သွားနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။

08 Dec

ADVERTISE HERE .