(၅၈)ကြိမ်မြောက်ထီဖွင့်ပွဲမှ ကျပ်သိန်း ၂၀၀၀ တစ်ဆုအပါအဝင် ဆုမဲပေါင်းတစ်သောင်းကျော် ထုတ်ယူရန်ကျန်
07 Dec(၅၈)ကြိမ်မြောက်ထီဖွင့်ပွဲမှ ကျပ်သိန်း ၂၀၀၀ တစ်ဆုအပါအဝင် ကျပ်သိန်း ၁၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀ လေးဆုနှင့် ဆုမဲပေါင်းတစ်သောင်းကျော် ထုတ်ယူရန်ကျန်ရှိနေကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ဖွင့်လှစ်ခဲ့တဲ့ (၅၈) ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် ဆုမဲ ၁၀၅,၆၀၀ ဆု ခွဲဝေချီးမြှင့်ခဲ့ပြီး ဆုမဲ ၁၁,၇၈၈ ဆုကို ယနေ့တိုင် တောင်းခံထုတ်ယူခြင်း မရှိသေးကြောင်း သိရပါတယ်။ အဆိုပါ လာရောက်ထုတ်ယူခြင်းမရှိသေးသော ဆုကြေးငွေများမှာ ကျပ်သိန်း ၂၀၀၀ တစ်ဆု၊ ကျပ်သိန်း ၁၀၀ တစ်ဆု၊ ကျပ်သိန်း ၅၀ လေးဆု၊ ကျပ်သိန်း ၂၀ နှစ်ဆု၊ ကျပ် ၁၀ သိန်း ခုနစ်ဆု၊ ကျပ်သုံးသိန်း ၁၆ ဆု၊ ကျပ်နှစ်သိန်း ၄၂ ဆု၊ ကျပ်တစ်သိန်း ၇၃၁ ဆု၊ ကျပ်ငါးသောင်းဆု ၁,၈၄၂ ဆုနှင့် ကျပ်တစ်သောင်းဆု ၉,၁၄၂ ဆု တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားပါတယ်။ ဆုရလက်မှတ်များကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ ရန်ကုန်မြို့နှင့် မန္တလေးမြို့ရှိ အောင်ဘာလေ သိန်းဆုဌာနခွဲရုံးများသို့ တင်ပြ၍ဆုငွေများကို တောင်းခံနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားရှိပါတယ်။ အဆိုပါဆုမဲများကို ဒီဇင်ဘာ ၃၁ ရက်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ထုတ်ပြန်ထားပါတယ်။(NVS 004)