နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်း လုပ်ငန်းများ ပြီးစီးမှုအခမ်းအနားကျင်းပ
07 Decနယ်စပ်ရေးရာဝန်ကြီးဌာနနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများ ပြီးစီးမှုအထိမ်းအမှတ် အခမ်း အနားကို ဒီဇင်ဘာလ ၆ ရက် နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတ နိုင်ငံ သံအမတ်ကြီး H.E.Mr.Abhay Thakur နှင့် ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါတယ်။ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဆက်လက်၍ နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နောက်ထပ် ၅ နှစ်စီမံကိန်း ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းကြပြီးနောက် ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးသို့ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးကြောင်း အထောက်အထားစာရွက်စာတမ်းများနှင့် မှတ်တမ်းဓာတ်ပုံများကို လွှဲပြောင်းပေးအပ်ပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ပါတယ်။ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများ အတွက် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ဆောင်ရွက် နိုင်ရန်အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာကို ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်တွင် စတင်လက်မှတ်ရေးထိုးခဲ့ပြီး ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၌ စီမံကိန်းလုပ်ငန်းများဖြစ်တဲ့ လမ်း၊ တံတားများဆောက်လုပ်ခြင်း၊ လမ်းအဆင့်မြှင့်တင်ခြင်း၊ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများကို တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်းနှုန်းဖြင့် ၅ ကြိမ်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅ သန်းနှုန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုအခါတွင် ပဥ္စမအကြိမ်အဖြစ် စီမံကိန်းလုပ်ငန်း ၃၈ ခုကို ရာနှုန်းပြည့်အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် နယ်စပ်ရေးဝန်ကြီးဌာနနှင့် အိန္ဒိယသမ္မတနိုင်ငံတို့အကြား ဒုတိယ အကျော့အဖြစ် အိန္ဒိယသမ္မတနိုင်ငံ၏ အကူအညီဖြစ်သည့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ၅ နှစ် ကာလအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်းဖြင့် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတို့တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ MoU အသစ်ကို လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။(NVS 004)