"ပညာသင်နှစ်ပြီးလျှင် ပြဋ္ဌာန်းစာအုပ်များ ပြန်အပ်ရမည်"
06 Dec၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကစပြီး ကျောင်းသုံးဖတ်စာအုပ်တွေကို လက်ဆင့်ကမ်းသုံးမယ့်စနစ်နဲ့ ဆောင်ရွက် မှာဖြစ်လို့ ပညာသင်နှစ်ပြီးဆုံးတာနဲ့ ပြန်လည်အပ်နှံရမယ်လို့ အခြေခံပညာကျောင်းတွေကနေ သိရပါတယ်။ အခုလိုပြန်လည်အပ်နှံရာမှာ အခုပညာသင်နှစ်ပြီးဆုံးတာနဲ့ အထက်တန်းအဆင့်တွေက ပညာသင်နှစ်ရဲ့ နောက်ဆုံးစာမေးပွဲနောက်ဆုံးနေ့မှာ ကျောင်းသားအားလုံးဖတ်စာအုပ်တွေ ပြန်လည်အပ်နှံရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြဋ္ဌာန်းစာအုပ်တွေ ပြန်လည်အပ်နှံဖို့ ပြောထားတာရှိတဲ့အတွက် သက်ဆိုင်ရာမြို့နယ်တွေက ကျောင်းတွေ အလိုက် မှာကြားထားတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။ ပြဋ္ဌာန်းစာအုပ်တွေ ပြန်လည်အပ်နှံရာမှာ အားလုံး ပြန်လည်ရရှိနိုင်ပေမယ့် ပျက်စီးသွားတာမျိုး ရှိရင်လည်း ပျက်စီးတဲ့အတိုင်း ပြန်လည်အပ်နှံပေးဖို့ ကျောင်းသား ကျောင်းသူတွေကို ညွှန်ကြားထားတယ်လို့ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်း၊ အင်းတကော်မြို့နယ်က အထက်တန်းပြ ဆရာမတစ်ဦးထံကနေ သိရပါတယ်။ အခုလိုဆောင်ရွက်တာဟာ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေ ဈေးနှုန်းကို ထိန်းသိမ်းရာရောက်သလို ပြင်ပကို မရောက်ရှိစေဖို့နဲ့ ပုံနှိပ်ထုတ်ဝေရေးအတွက်လည်း များစွာအထောက်အကူပြုစေနိုင်တယ်လို့ ဆိုပါတယ်။ အရင်ကလည်း မိမိအစီအစဉ်နဲ့ ညီအစ်ကိုမောင်နှမ ဆွေမျိုးသားချင်းတွေဆီ အတန်းကူးပြောင်းတဲ့အခါ လက်လွှဲ အသုံးပြုတာမျိုးတွေရှိပေမယ့် အခုအစီအစဉ်ကတော့ သက်ဆိုင်ရာကထုတ်ပေးတဲ့ကျောင်းကိုသာ ပြန်အပ်ရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)