ပေါ်ဆန်းနှင့် ပြည်တွင်းစားဆန်များကို ဈေးကစား၍ဈေးတင်ရောင်းချသူများကို အရေးယူမည်ဟု MRF ထပ်မံ သတိပေး

05 Dec

ပြည်ပတင်ပို့ခြင်းမရှိသည့် ရွှေဘိုနှင့် ဧရာဝတီပေါ်ဆန်းအပါအဝင် ပြည်တွင်းစားဆန်များကို ရည်ရွယ်ချက် ရှိရှိ ဈေးကစားဆွဲတင်နေမှုများကိုတွေ့ရှိရ၍ လစဉ်ထုတ်ပြန်သည့် ရည်ညွှန်းဆန်ဈေးနှုန်းထက် ဈေးနှုန်းတင် ရောင်းချသူများကို အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ ဒီဇင်ဘာလ ၄ ရက်က ထပ်မံအသိပေးထုတ်ပြန်ထားပါတယ်။ ဈေးကွက်အတွင်းတွင် ဆန်ဈေးနှုန်းများကို ရည်ညွှန်းဈေးထက် ပိုမိုတိုးမြှင့် ရောင်းချမှုများကိုတွေ့ရှိရပြီး အထူးသဖြင့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းများကို စပါးသစ်ပေါ်ချိန်တွင် ဈေးကို မြှင့်တင်ရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်မှုအချို့ကို ကြားသိနေရကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ပြည်တွင်းစားဆန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော၊ မနောသုခ စသည့် ဆန်အမျိုးအစားများကို သိုလှောင်ဈေးကစားမှုများ (လုံးဝ)မပြုလုပ်ရန်နှင့် ရည်ညွှန်းဈေး သတ်မှတ်ချက်အတိုင်းသာ ရောင်းဝယ်ရန် ထပ်မံ၍တိုက်တွန်းနှိုးဆော် အသိပေးထားပါတယ်။ MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြည်တွင်း၌ ဆန်ပြတ်လပ်မှုမရှိနိုင်ကြောင်းကို အာမခံနိုင်ကြောင်းနှင့် လက်ရှိတွင် ပို့ကုန်အခြေပြု အရန်ဆန်အိတ်ရေ ၈ သိန်းအထိရှိနေသော်လည်း ပြည်တွင်း ဆန်ဈေးကြီးမြင့်မှုတွင် သိုလှောင်ဈေးကစားမှုကို အဓိကထိန်းသိမ်းရန် အခက်အခဲရှိနေကြောင်း နိုဝင်ဘာလ ၂၇ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် စားသုံးသူရေးရာဦးစီးဌာနမှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဆန်ရည်ညွှန်းဈေးနှုန်း များဖြင့် လိုက်နာဆောင်ရွက်ရောင်းဝယ်ကြရန်နှင့် လိုက်နာဆောင်ရွက်မှုမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ တရားစွဲဆိုခြင်း၊ ဒဏ်ငွေနှင့် အခွန်ငွေသတ်မှတ်ပေးဆောင်စေခြင်းစသည့် ထိရောက်စွာ အရေးယူမှုများ ဆောင်ရွက်လျက်ရှိပါသောကြောင့် အလေးအနက်ထား၍ လိုက်နာဆောင်ရွက်ကြရန် ထပ်မံ အသိပေး တိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ပါတယ်။(NVS 004)

05 Dec

ADVERTISE HERE .