၂၀၂၄-၂၅ ဘဏ္ဍာနှစ် ၇ လအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၀ ကျော် ဝင်ရောက်
05 Dec၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလကနေ အောက်တိုဘာလအထိ ၇ လတာကာလအတွင်း ပြည်တွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၃ ခု ဝင်ရောက်ထားတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ကနေ သိရပါတယ်။ ၇ လ တာကာလအတွင်း တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေက ပြည်တွင်း စိုက်ပျိုးရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု ၁ ခု၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ လုပ်ငန်း ၂၈ ခု၊ စွမ်းအင်ကဏ္ဍမှာ ၂ ခု၊ ပို့ဆောင် ဆက်သွယ်ရေးကဏ္ဍမှာ ၁ ခုနဲ့ ဝန်ဆောင်မှုကဏ္ဍမှာ ၁ ခု ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၂၂၆ သန်းကျော်ရှိတယ်လို့ သိရပါတယ်။ အခုဘဏ္ဍာနှစ်အတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုအနေနဲ့ စင်ကာပူနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုပမာဏက အများဆုံး ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၆၆၀ ကျော် ဝင်ရောက်ခဲ့တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ကနေ သိရပါတယ်။(NVS 004)