စင်ကာပူသံရုံးမှ စင်ကာပူရောက် မြန်မာနိုင်ငံသားများအတွက် PV မှ PJ နိုင်ငံကူးလက်မှတ်အမျိုးအစားသို့ ပြောင်းလဲ လျှောက်ထားနိုင်ကြောင်းကြေညာ

05 Dec

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးတွင် Passport of Visit (PV) မှ Passport of Job (PJ) နိုင်ငံကူးလက်မှတ် အမျိုးအစားသို့ ပြောင်းလဲလျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကြေညာထားပါတယ်။ သံရုံး၏ ကြေညာချက်အရ စင်္ကာပူနိုင်ငံ၌ အလုပ်လုပ်ကိုင်ပြီး ဝင်ငွေခွန်ပေးဆောင်ကြတဲ့ မြန်မာနိုင်ငံသားများကို နိုင်ငံကူးလက်မှတ် PV အမျိုး အစားမှ PJ အမျိုးအစားသို့ပြောင်းလဲဆောင်ရွက်ပေးနေကြောင်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသားအချို့ဟာ စင်္ကာပူနိုင်ငံကို PV နိုင်ငံကူးလက်မှတ်အမျိုးအစားကိုသာ ကိုင်ဆောင်၍ လာ ရောက်ကာ အလုပ်လုပ်ကိုင်လျက်ရှိနေခဲ့ပါတယ်။ ထိုသူများက အကြောင်းမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ အလုပ်မှ ခွင့်ဖြင့်ပြန်ခဲ့ပြီး စင်ကာပူနိုင်ငံကို ပြန်လည်ထွက်ခွာလိုပါက ရန်ကုန်လေဆိပ်မှာ PV အမျိုးအစားပတ်စ်ပို့ ဖြစ်တာ ကြောင့် အခက်အခဲတွေကြုံတွေ့နေရပါတယ်။ ဒါကြောင့် မြန်မာသံရုံးကို PV ကနေ PJ ကိုပြောင်းလဲပေးရန် တောင်းဆိုမှုများ အများအပြားရှိခဲ့ပါတယ်။ မြန်မာသံရုံးအနေနဲ့ မြန်မာနိုင်ငံကို ခွင့်နဲ့ပြန်လိုသူဖြစ်ပါက PV ကနေ PJ သို့ပြောင်းလဲပေးမည်ဖြစ်ပြီး ပြောင်းလဲလျှောက်ထားလိုသူများအနေဖြင့် ဝင်ငွေခွန် ပေးဆောင်ပြီး၍ စင်္ကာပူ-ရန်ကုန် အသွားအပြန်လေယာဉ်လက်မှတ်၊ အလုပ်ခွင့်စာများ တင်ပြနိုင်ပါက ပြောင်းလဲ ပေးလျက်ရှိကြောင်း၊ သို့သော် ယခင်က လျှောက်ထားသူသည် နိုင်ငံကူးလက်မှတ် သတ်မှတ်သက်တမ်း ၆ လကျန်မှသာ သက်တမ်း တိုးခြင်းကို ဆောင်ရွက်ပေးသော်လည်း ယခုအခါမှာ လွယ်ကူအဆင်ပြေစေရန်ရည်ရွယ်ကာ နိုင်ငံကူးလက်မှတ် သက်တမ်း ၁၄ လကျန်ပါက သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ ဝင်ငွေရှိတဲ့ မြန်မာနိုင်ငံသားတိုင်းဟာ ဝင်ငွေခွန်ပေးဆောင်ပြီးမှသာ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးနေကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အလားတူ သက်တမ်းတိုးလျှောက်ထားရာတွင်လည်း သံရုံးဖုန်းနံပါတ်များကို ဆက်သွယ်၍ ၂ ပတ်ကြိုတင် ရက်ချိန်းယူရန်နှင့် အသက် ၆၅ နှစ်အထက် နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများအနေနဲ့ ရက်ချိန်းယူရန် မလိုအပ်ဘဲ သံရုံးဖွင့်ချိန် နံနက် ၉ နာရီခွဲမှ ၁၁ နာရီအတွင်း လာရောက်သက်တမ်းတိုးနိုင်ကြောင်း သိရပါတယ်။(NVS 004)

05 Dec

ADVERTISE HERE .