ရွှေတိဂုံစေတီတော်ကြီးသို့ နိုဝင်ဘာလအတွင်း ဘုရားဖူးဧည့်သည် ခြောက်သိန်းကျော် လာရောက်ဖူးမြော်

05 Dec

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ဘုရားဖူးဧည့်သည် ခြောက်သိန်း ကျော် လာရောက်ဖူးမြော်ခဲ့တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးဧည့်သည် ဝင်ရောက်မှုအနေဖြင့် သံဃာတော်အပါး ၈,၉၄၀၊ သာသနာ့နွယ်ဝင် သီလရှင် ၅,၃၆၁ ပါး၊ အမျိုးသား ၂၇၉,၈၅၅ ဦး၊ အမျိုးသမီး ၃၄၁,၃၃၈ ဦး၊ နိုင်ငံခြားသား ၃,၀၀၁ ဦး၊ နိုင်ငံခြားသူ ၄,၀၄၉ ဦး စုစုပေါင်း ၆၄၂,၅၄၄ ဦးဖြစ်ကြောင်း သိရပါတယ်။ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးဧည့်သည်ဝင်ရောက်မှုအနေနဲ့ ပုံမှန်အားဖြင့် တစ်ရက်လျှင် ဘုရားဖူး ဧည့်သည် တစ်သောင်းဝန်းကျင်ရှိပြီး ရုံးပိတ်ရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေ နှင့် နေ့ကြီးရက်ကြီးများတွင် ဘုရားဖူး ဧည့်သည်တစ်သိန်းကျော်အထိရှိကြောင်း နှင့် နိုဝင်ဘာလအတွင်း တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သည့် နိုဝင်ဘာ လ ၁၅ ရက်တွင် ရဟန်းသံဃာအပါအဝင် ဘုရားဖူးဧည့်သည် ၇၆,၂၆၂ ဦး၊ နိုဝင်ဘာလ ၂၄ ရက် တနင်္ဂနွေနေ့တွင် ဘုရားဖူး ဧည့်သည် ၄၁,၂၀၈ ဦး လာရောက်ဖူးမြော်ခဲ့တာ ဖြစ်ပါတယ်။ ရွှေတိဂုံစေတီတော်ကို ၂၀၂၂ ခုနှစ် မတ်လ ၂၆ ရက်မှစ၍ နံနက် ၅ နာရီမှ ည ၈ နာရီအထိ အချိန်တိုးမြှင့် ဖွင့်လှစ်ပေးခဲ့ပြီး ဘုရားဖူးဧည့်သည်များ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်စေရန် ၂၀၂၄ ခုနှစ် ဇွန်လ ၂၁ ရက်မှစ၍ နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။(NVS 004)

05 Dec

ADVERTISE HERE .