တောင်ကိုရီးယား အတိုက်အခံပါတီများက သမ္မတကို ရာထူးမှဖြုတ်ချရန် အဆိုတင်သွင်း

05 Dec

တောင်ကိုရီးယား သမ္မတ ယွန်ဆက်ယို၏ အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းရန် လွှတ်တော်တွင် မဲခွဲအတည်ပြုခဲ့ပြီးနောက် အတိုက်အခံပါတီများက သမ္မတကို ရာထူးမှဖြုတ်ချနိုင်ရန် အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလ ၃ ရက် ညပိုင်းက သမ္မတ ယွန် သည် အရေးပေါ်စစ်အုပ်ချုပ်ရေးကို ကြေညာခဲ့သော်လည်း ထိုသို့ကြေညာပြီး နာရီပိုင်းအတွင်း လွှတ်တော်ကိုယ်စားလှယ်များက အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်း ကြောင်း မဲခွဲအတည်ပြုခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဒီဇင်ဘာလ ၄ ရက် မွန်းလွဲ ၂ နာရီ ၄၃ မိနစ်တွင် အဓိက အတိုက်အခံပါတီဖြစ်သော ဒီမိုကရက်တစ်ပါတီနှင့် ကျန်အတိုက်အခံပါတီငါးခုက သမ္မတကို ရာထူးမှဖြုတ်ချရေး အတွက် အဆိုတင်သွင်းမှုလုပ်ဆောင်ခြင်းဖြစ်သည်။ အဆိုတင်သွင်းမှုကို အတိုက်အခံလွှတ်တော် ကိုယ်စားလှယ် ၁၉၀ နှင့် တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ် တစ်ဦးတို့က လက်မှတ်ရေးထိုးထားသည်။ ထိုအဆိုကို ဒီဇင်ဘာလ ၅ ရက်တွင် လွှတ်တော်၌ ဆွေးနွေးသွားမည်ဖြစ်ပြီး ဒီဇင်ဘာလ ၆ ရက် သို့မဟုတ် ၇ ရက်တွင် မဲခွဲဆုံးဖြတ်သွားမည် ဖြစ်သည်။ သမ္မတကို ရာထူးမှ ဖြုတ်ချနိုင်ရန် လွှတ်တော် ကိုယ်စားလှယ်သုံးပုံနှစ်ပုံ၏ သဘောတူညီချက် ရရှိရန်လိုအပ်ပြီး လက်ရှိတွင် ကိုယ်စားလှယ်အယောက် ၃၀၀ ရှိသည့် အမျိုးသားလွှတ်တော်၌ အတိုက်အခံများအနေဖြင့် အာဏာရပါတီ လွှတ်တော်ကိုယ်စားလှယ်ရှစ်ဦး၏ ထောက်ခံမဲကိုရရှိရန် လိုအပ်ကြောင်း Yonhap သတင်းဌာနဖော်ပြချက်အရ သိရသည်။

05 Dec

ADVERTISE HERE .