“ရန်ကုန်မြို့ပတ်ရထား ခရီးစဥ်များအား စပိန်နိုင်ငံထုတ် DEMU တွဲဆိုင်းသစ်များနဲ့ စတင်ပြေးဆွဲ”
03 Decရန်ကုန်မြို့ပတ်ရထားခရီးစဉ်များအားလုံးကို စပိန်နိုင်ငံထုတ် Diesel Electric Multiple Unit (DEMU) ရထားသစ်များနဲ့ ပြေးဆွဲဝန်ဆောင်မှုပေးနိုင်ရန်အတွက်ရည်ရွယ်ပြီး နိုဝင်ဘာလ ၂၉ ရက်မှ စတင်ပြေးဆွဲ ဝန်ဆောင်မှု ပေးလျက်ရှိနေပြီကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။ အဆိုပါမြို့ပတ်ရထားများပြေးဆွဲမည့် အချိန်စာရင်းများကို ရထားခရီးစဉ်တစ်လျှောက်ရှိ ဘူတာများမှာ မြန်မာ့ မီးရထားစီမံကိန်းက ထုတ်ပြန်အသိပေးထားပြီး DEMU ရထားတွဲဆိုင်း ၃ ဆိုင်းဖြင့် နေ့စဉ် ၁၅ ခေါက်ပြေးဆွဲ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပြီး တွဲဆိုင်းတစ်ဆိုင်းမှာ ၆ တွဲပါဝင်ပြီး RBE ရထားဖြင့်လည်း အခေါက်ရေ ၂၀ ပြေးဆွဲ ဝန်ဆောင်မှုပေးသွားမှာဖြစ်တာကြောင့် စုစုပေါင်း ၃၅ ခေါက် ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ DEMU ရထားတစ်စီးတွင် စီးနင်းခရီးသည်များအနေနဲ့ ထိုင်စီး ၃၀၀ ကျော်နှင့် ရပ်စီး ၅၀၀ ကျော် စုစုပေါင်း ၈၀၀ ကျော် စီးနင်းနိုင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲပေးလျက်ရှိတဲ့ ရန်ကုန်မြို့ပတ်မီးရထားမှာ တွဲဆိုင်း ၂၅ ဆိုင်းနဲ့ ဘူတာ ပေါင်း ၅၅ ဘူတာကို နေ့စဉ် ပြေးဆွဲဝန်ဆောင်မှုပေးနေပြီး အောက်တိုဘာလ ၂၀ ရက်မှ စတင်ကာ ပြေးဆွဲပေးခဲ့ပါတယ်။ အဆိုပါ ရထားပြေးဆွဲနိုင်ဖို့အတွက် လမ်းပိုင်းပြုပြင်ခြင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်ခဲ့ရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ပြီးစီးခဲ့ကြောင်း၊ ထပ်မံပြီး လမ်းပိုင်းအဆင့်မြှင့်တင်မှုများ ဆောင်ရွက်ခဲ့ရကြောင်းနှင့် DEMU ရထားကို ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအတွက် တွဲဆိုင်း ၁၁ ဆိုင်းမှာယူခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နို၀င်ဘာလအထိ တွဲဆိုင်း ၁၀ ဆိုင်း ရောက်ရှိထားကြောင်း သိရပါတယ်။ (NVS 003)