“အမေရိကန် က ဂျော်ဂျီယာနှင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ဆိုင်းငံ့ခဲ့”
02 Decဂျော်ဂျီယာနိုင်ငံ က ဥရောပသမဂ္ဂသို့ ဝင်ရောက်ရန်အတွက် ဆွေးနွေးမှုများကို ၂၀၂၈ ခုနှစ်အထိ ဆိုင်းငံ့ ကြောင်း အာဏာရပါတီက ဆုံးဖြတ်လိုက်ပြီးနောက် အမေရိကန်ဘက်ကလည်း ထိုနိုင်ငံနှင့်မဟာဗျူဟာမြောက် ဆက်ဆံရေးကို ဆိုင်းငံ့လိုက်ကြောင်း သိရသည်။ ဂျော်ဂျီယာနိုင်ငံမှ အာဏာရပါတီဖြစ်သည့် ဂျော်ဂျီယာအိပ်မက် ပါတီ၏ဆုံးဖြတ်ချက်သည် နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သစ္စာဖောက်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် လွတ်လပ်စွာဆန္ဒပြသူများကို အင်အားအလွန်အကျွံ အသုံးပြုပြီး ဖြိုခွင်းခြင်းကိုလည်း ပြစ်တင် ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မက်သယူးမေလာ က ပြောသည်။ ဥရောပသမဂ္ဂသည် ဂျော်ဂျီယာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ရေးအတွက် ဆွေးနွေးမှုများကို ခြိမ်းခြောက်ပြီး အကျပ်အတည်းသဘောဖြင့် ပြုမူလျက်ရှိသည့်အတွက် ထိုဆွေးနွေးမှုကို ဆိုင်းငံ့ရခြင်း ဖြစ်ကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။