“မူဆယ်မြို့ ဆင်ဖြူဂိတ်မှ အေးခဲအသားအပါအဝင် အခြားလူသုံးကုန်ပစ္စည်းများ သယ်ဆောင်ခွင့်မပြု”
02 Decတရုတ်-မြန်မာ နယ်စပ် မူဆယ်မြို့ အတွင်းသို့ တရုတ်နိုင်ငံဘက်မှ မီးဖိုချောင်သုံး သီးနှံနှင့် သားငါးများကို နိုဝင်ဘာလ ၃၀ ရက်မှစတင်ကာ သယ်ဆောင်ခွင့်ပြုခဲ့ပေမယ့် အေးခဲအသားအပါအဝင် အခြားလူသုံးကုန်ပစ္စည်းများ နှင့် ကန့်သတ်ကုန်ပစ္စည်းများသယ်ဆောင်ခွင့်မပြုဘဲ စစ်ဆေးတွေ့ရှိပါက အရေးယူသွားမှာဖြစ်တယ်လို့ ဆင်ဖြူဂိတ် စစ်ဆေးရေးအဖွဲ့က အသိပေးထားပါတယ်။ ဒီဇင်ဘာလ ၁ ရက်တွင် ဆင်ဖြူဂိတ်မှတစ်ဆင့် တရုတ်ပြည်ဘက်သို့ ဝင်ထွက်သွားလာကြမည့် ယာဉ်နှင့်ဆိုင်ကယ်များအနေနဲ့ ခွင့်ပြုမိန့်ပါရှိမှသာ သတ်မှတ်ကုန်ပစ္စည်းများကို သယ်ဆောင်မှုအား ခွင့်ပြုမယ်လို့ သိရပါတယ်။ အလားတူ အိမ်စီးကား၊ လက်တွန်းလှည်း၊ စက်ဘီးများနဲ့ သယ်ဆောင်ခွင့်မပြုဘဲ ဆိုင်ကယ်နဲ့ သယ်ဆောင်ရာ မှာ သတ်မှတ်ကုန်ပစ္စည်းများ အရှေ့တစ်ထုတ် အနောက်တစ်ထုတ်သာ သယ်ဆောင်ခွင့်ပြုမည် ဖြစ်ကြောင်း အသိပေးထားပါတယ်။ တရုတ်နိုင်ငံဘက်မှ ပစ္စည်းသယ်ဆောင်ခွင့်အတွက် နိုဝင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်တို့မှာ မူဆယ်မြို့ ကုန်သည်ကြီးများအသင်းရုံးမှာ စာရင်းပေးသွင်းထားရပြီး၊ စာရင်းပေးသွင်းထားသော ယာဉ်များကို အများရှေ့မှာ မဲနှိုက်၍ ဆင်ဖြူဂိတ်မှ ဝင်ရောက်ရမည့် ရက်အသီးသီးကို သတ်မှတ်ပေးထားကြောင်း မူဆယ်ကုန်သည်ကြီးများအသင်းထံကနေ သိရပါတယ်။ (NVS 003)