ခရီးသွားနေရာများတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများဆောင်ရွက်မည်

02 Dec

ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ကာ သက်ဆိုင်ရာအဖွဲ့စည်းများနှင့် ဌာနများပါဝင်တဲ့ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၆ ရက်က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့ပြီး ၎င်းအခမ်းအနားတွင် ပြည်တွင်းပြည်ပ ခရီးသွားများစွာ သွားလာသည့်နေရာများတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများကို ကနဦးအနေဖြင့် ဆောင်ရွက် မည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ဘုရား ၁၇ ဆူ၊ ရှေးဟောင်းသာသနိက အဆောက်အအုံ ၃၂ ခု၊ ရုံး/ဌာန ၁၁ ခု၊ ဟိုတယ် ၃၁ လုံး၊ စာသင်ကျောင်း ၆ ကျောင်း၊ စားသောက်ဆိုင် ၉ ဆိုင်၊ ကစားကွင်း/ပန်းခြံ ၄ နေရာအပါအဝင် ဆေးလိပ်ငွေ့ကင်းစင်ရေးနေရာ ၁၀၂ နေရာ သတ်မှတ်ထားရှိနေပါတယ်။ ဒါ့အပြင် ယခု ၂၀၂၄ ခုနှစ် ဩဂုတ်လ ၈ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံဆေးလိပ်ငွေ့ကင်းစင် ဒေသဆုအတွက် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံမှ ရွှေတံဆိပ်ဆု၊ အင်ဒိုနီးရှားနိုင်ငံမှ ငွေတံဆိပ်ဆု၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမှ ကြေးတံဆိပ်ဆု ရရှိခဲ့ကြောင်း ပုဂံဒေသ ဆေးလိပ်ငွေ့ ကင်းစင်ရေးကြီးကြပ်မှုကော်မတီထံမှ သိရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းခဲ့သော ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေအရ အများပြည်သူများ သူတစ်ပါး၏ဆေးလိပ်ငွေ့ကို ရှူရှိက်ရတဲ့အန္တရာယ်မှကင်းဝေးစေရန် ဆေးလိပ်လုံးဝသောက်ခွင့်မရှိသော နေရာများ၊ အကန့်အသတ်ဖြင့်သာ ဆေးလိပ်သောက်ခွင့်ရှိသော နေရာတို့ကို သတ်မှတ်ပြဋ္ဌာန်းထားရှိပါတယ်။ အဆိုပါနေရာများမှာ ဆေးရုံအဆောက်အအုံ၊ ရုံးခန်း၊ ဆေးရုံပရဝုဏ်နှင့် ပရဝုဏ်အတွင်းရှိ အခြားအဆောက် အအုံများ၊ ဆေးခန်းများ၊ အားကစားရုံနှင့် အမိုးအကာရှိတဲ့ အားကစားကွင်းများ၊ ကလေးကစားရုံနှင့် ကစားကွင်းများ၊ ကျောင်းပရဝုဏ်အတွင်းရှိ သင်ကြားရေး အဆောက်အအုံ၊ စာသင်ခန်း၊ ရုံးခန်းပရဝုဏ်နှင့် ပရဝုဏ်အတွင်းရှိ အခြားအဆောက်အအုံများ၊ တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံတို့ရဲ့ သင်ကြားရေး အဆောက်အအုံ၊ စာသင်ခန်းနှင့် ရုံးခန်းများ၊ ဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ဗီဒီယိုရုံနှင့် အခြားပွဲကျင်းပပြသတဲ့ အဆောက်အအုံများ၊ ကုန်တိုက်၊ ကုန်ပဒေသာဆိုင်၊ စတိုးဆိုင်နှင့် အမိုးအကာရှိတဲ့ ဈေးရုံများ၊ ပြတိုက်၊ မော်ကွန်းတိုက်၊ အများပြည်သူသုံး စာကြည့်တိုက်နှင့် စာဖတ်ခန်းများ၊ ဓာတ်လှေကားနှင့် ရွေ့လျားစက်လှေကားများ၊ ခရီးသည်သယ်ယူပို့ဆောင်သော မော်တော်ယာဉ်များနှင့် လေယာဉ်များ၊ လေအေးစက် တပ်ဆင်ထားသော အများပြည်သူသုံးအခန်းများ၊ အများပြည်သူ သုံးခန်းမကြီးများ၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းနှင့် သင်တန်းကျောင်းများ၏ သင်ကြားရေးအဆောက်အအုံနှင့် စာသင်ခန်းများစတာတွေပါဝင်တယ်လို့ သိရပါတယ်။ ရုံးဌာန၊ စက်ရုံ၊ အလုပ်ရုံ၊ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုရိပ်သာ၊ ဘူတာရုံ၊ လေဆိပ်၊ သင်္ဘောဆိပ် အဝေးပြေးကားဂိတ်၊ ပျော်ပွဲစားရုံ၊ ရထားနှင့် ရေယာဉ်များ၊ အဆောက်အအုံ၊ အခန်းနှင့်နေရာများတွင်မူ ဆေးလိပ်သောက်ခွင့်ရှိသော နေရာများကို သီးသန့်စီမံထားရှိရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ်မှာ ဆောင်ရွက်ခဲ့တဲ့ မကူးစက်နိုင်သော ရောဂါများဖြစ်ပွားနိုင်ချေကို လေ့လာဆန်းစစ်ခြင်း သုတေသနအရ ဆေးလိပ်သောက်သုံးသူ ၂၆ ဒသမ ၁ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိခဲ့ရကြောင်း၊ ယခု ၂၀၂၄ ခုနှစ်တွင် အဆိုပါလေ့လာဆန်းစစ်ခြင်းသုတေသနကို ထပ်မံဆောင်ရွက်နေကြောင်းလည်း သိရပါတယ်။ (NVS 003)

02 Dec

ADVERTISE HERE .