ဆွီယာတက်ခ် တစ်လ ပွဲပယ်ပြစ်ဒဏ်ကို ခံရ
01 Decကမ္ဘာ့အဆင့် (၂) ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်ဘက်က နိုင်ငံတကာ တင်းနစ်အေဂျင်စီက ချမှတ် ထားတဲ့ တစ်လပွဲပယ်ပြစ်ဒဏ်ကို လက်ခံလိုက်ပြီလို့ နိုဝင်ဘာလ ၂၈ ရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဆွီယာတက်ခ် ဟာ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက ဆေးစစ်မှုမှာ တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဆွီယာတက်ခ် က အိပ်ဆေးမှာ တားမြစ်ဆေးပါဝင်တာကို သတိမထားမိဘဲ သုံးစွဲခဲ့မိတာဖြစ်တယ်လို့ ဖြေရှင်းချက်ပေးခဲ့ပေမယ့် နိုင်ငံတကာ တင်းနစ်အေဂျင်စီက ပြစ်ဒဏ်ကို အတည်ပြုခဲ့တာပါ။ အသက် ၂၃ နှစ် အရွယ် ဆွီယာတက်ခ်အနေနဲ့ ယာယီပွဲပယ်ပြစ်ဒဏ်အဖြစ် စက်တင်ဘာလ ၁၂ ရက်ကနေ အောက်တိုဘာ ၄ ရက် အထိ ကျခံခဲ့ရပြီး အဲဒီကာလအတွင်း ပြိုင်ပွဲ ၃ ခုနဲ့ လွဲချော်ခဲ့ရပါတယ်။ တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိချိန်မှာ ဆွီယာတက်ခ်က ကမ္ဘာ့အဆင့်(၁) နေရာမှာ ရှိနေ ပေမယ့် နောက်ပိုင်းမှာတော့ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာ ရဲ့ ကျော်တက်တာကို ခံရပြီး ကမ္ဘာ့အဆင့် (၂) နေရာကို ဆင်းပေးခဲ့ရတာဖြစ်ပါတယ်။ တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အချိန်နဲ့ အနီးစပ်ဆုံး ပြိုင်ပွဲဖြစ်တဲ့ စင်စင်နာတီအိုးပင်း ပြိုင်ပွဲမှာ သူရရှိမယ့်ဆုကြေးကိုလည်း ရုတ်သိမ်းခံခဲ့ရပါတယ်။ (NVS 008)