ခေတ်မီ DEMU တွဲဆိုင်းသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

29 Nov

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် စပိန်နိုင်ငံထုတ် Diesel Electric Multiple Unit(DEMU) ရထားတွဲဆိုင်း သစ်များဖြင့် စတင်ပြေးဆွဲခြင်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်ဘူတာကြီး၌ နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ နစကဥက္ကဋ္ဌက အဖွင့်မိန့်ခွန်းပြောကြားခဲ့ရာ အခြေခံလူတန်းစားပြည်သူအများစု နေ့စဉ်နှင့်အမျှ အဓိကအားကိုးအားထားပြုနေရသည့် ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် ဖွံ့ဖြိုးတက်မှုအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး လိုအပ်ချက်အဖြစ် သုံးသပ်ဖော်ထုတ်နိုင်ကြောင်း၊ စရိတ်စကသက်သာစွာနှင့် ခရီးသည်အများအပြားကို လိုရာခရီးကို ပို့ဆောင်ပေးနိုင်ကြောင်း၊ ကုန်စည်အမြောက်အများကိုလည်း ရထားလမ်း ကွန်ရက်ရှိရာ ဒေသအသီးသီးသို့ ကုန်ကျစရိတ်အနည်းငယ်နှင့် အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်ကြောင်း စသည့် အချက်များက ရထားပို့ဆောင်ရေးလုပ်ငန်း၏ ထင်ရှားသည့် အဓိကအားသာချက်များပင်ဖြစ်ကြောင်း၊ ခရီးသွား ပြည်သူများအနေနဲ့ ခေတ်မီ DEMU ရထားတွဲဆိုင်းများကို အသုံးပြုပြီး ရထားလမ်းနှင့်ဆက်စပ်ပစ္စည်းများ ရေရှည်တည်တံ့ အသုံးပြုပြေးဆွဲနိုင်စေရေးတို့အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြရန် မေတ္တာရပ်ခံ လိုကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ပြေးဆွဲမည့်အချိန်စာရင်းများကိုလည်း ရထားခရီးစဉ်တစ်လျှောက်ရှိ ဘူတာများ၌ ထုတ်ပြန်အသိပေးထားပြီးဖြစ်ကြောင်း၊ ယခုအခါ ရန်ကုန်မြို့ပတ်လမ်းပိုင်းအတွက် တွဲဆိုင်းတစ်ဆိုင်း တွင် ၆ တွဲပါ DEMU ရထားတွဲဆိုင်း ၃ ဆိုင်းဖြင့် နေ့စဉ် ၁၅ ခေါက်ပြေးဆွဲပေးမှာဖြစ်ပြီး RBE ရထားဖြင့်လည်း အခေါက်ရေ ၂၀ ပြေးဆွဲပေးသွားမှာဖြစ်လို့ စုစုပေါင်းအခေါက်ရေ ၃၅ ခေါက် ပြေးဆွဲသွားမှာဖြစ်တယ်လို့ မြန်မာ့ မီးရထားမှသိရပါတယ်။ DEMU ရထားတစ်စီးတွင် စီးနင်းခရီးသည် ထိုင်စီး ၃၀၀ ကျော်နှင့် ရပ်စီး ၅၀၀ ကျော် စုစုပေါင်း ၈၀၀ ကျော် စီးနင်းနိုင်တယ်လို့ သိရပါတယ်။(NVS 004)

29 Nov

ADVERTISE HERE .