မန္တလေးမြို့ စွယ်တော်မြတ်စေတီတော်ကြီးတွင် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

29 Nov

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ စွယ်တော်မြတ်စေတီတော်၏ (၂၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း မန္တလေးစွယ်တော်မြတ် စေတီဂေါပကအဖွဲ့မှ သိရပါတယ်။ အဆိုပါပူဇော်ပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ အမရပူရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုနှင့် မန္တလေးစွယ်တော်မြတ်စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို လာမယ့် ဒီဇင်ဘာလ ၃ ရက်နှင့် ၅ ရက်တွင် အစဉ်အလာမပျက် ကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲတော်တွင် မန္တလေးမြို့ပေါ်ရှိတဲ့ ဆရာတော်၊ သံဃာတော် ၄၅ ပါးကို ပင့်ဖိတ်ပြီး ဘုရားအပေါင်း သံဃာတော် ၄၆ ပါးကို သံဃာ့ဒါန ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး စေတနာရှင်ပြည်သူများအနေနဲ့ ကုသိုလ်ပါဝင် လာရောက်လောင်းလှူနိုင်သလို ရွှေကြာသင်္ကန်းရက်လုပ်လှူဒါန်းပွဲ၊ ဆီမီး ၉,ဝဝဝ ပူဇော်ပွဲနှင့် ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပွဲ စတဲ့ အခမ်းအနားများလည်းပါဝင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ရွှေကြာသင်္ကန်းကို ဘုရားရင်ပြင်တော်ပေါ်တွင် မြန်မာ့မူမဏ္ဍပ်နှစ်ခုထိုးပြီး၊ မြောက်ဘက်မဏ္ဍပ်တွင် ရက်ကန်းစင် ၅ စင်၊ တောင်ဘက်မဏ္ဍပ်တွင် ရက်ကန်းစင် ၄ စင် ပြုလုပ်ကာ အမရပူရမြို့နယ်၊ ရေကြည်ပေါက် ရက်ကန်း ပညာရှင်အဖွဲ့က ဦးဆောင်ပြီး ဘုရားရင်ပြင်တော်ပေါ်တွင် ရက်လုပ်ပူဇော်မှုအပါအဝင် ဗုဒ္ဓပူဇနိယ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)

29 Nov

ADVERTISE HERE .