“ရုရှား၏မဟာမိတ်နိုင်ငံများ ရုရှား၏ နျူကလီးယားထီးရိပ်အောက်တွင် ရှိဟု သတိပေးခဲ့”

29 Nov

ယူရေးရှားဒေသတွင် ရှိသည့် ရုရှား၏ မဟာမိတ်နိုင်ငံများသည် ရုရှားနိုင်ငံ၏ နျူကလီးယား ထီးရိပ်အောက် တွင် ရှိနေကြောင်းနှင့် အနောက်နိုင်ငံများအနေဖြင့် သတိချပ်သင့်ကြောင်း ရုရှားအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂျီရွိုင်ဂူ က သတိပေးပြောကြားလိုက်သည်။ ထိုမျှမက အနောက်နိုင်ငံများအနေဖြင့်လည်း ရုရှား နိုင်ငံ၏ နျူကလီးယား မူဝါဒအသစ်အပေါ် ဂရုတစိုက် လေ့လာမှုများ ပြုလုပ်သင့်ကြောင်း ဆာဂျီရွိုင်ဂူ က အကြံပေး ထားသည်။ ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် မည်သည့်အခြေအနေမျိုးတွင် ရုရှားနိုင်ငံ၏ နျူကလီးယား လက်နက်များကို အသုံးပြုခွင့်ရှိကြောင်းနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် နျူကလီးယားလက်နက်အသုံးပြုမှု ဆိုင်ရာ မူဝါဒကို ပြီးခဲ့သည့် ရက်ပိုင်းက အတည်ပြုလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုပြဋ္ဌာန်းခဲ့သည့် မူဝါဒအသစ်သည် ရုရှားနိုင်ငံ၏ မဟာမိတ်နိုင်ငံများကလည်း ရုရှား၏ နျူကလီးယားထီးရိပ်အောက်တွင် ရောက်ရှိနေမည်ဖြစ်ကြောင်း ဆာဂျီရွိုင်ဂူ က ပြောခဲ့သည်။ အဆိုပါ နိုင်ငံများထဲ တွင် စုပေါင်းလုံခြုံရေးသဘောတူစာချုပ်အဖွဲ့ (CSTO) မှ အဖွဲ့ဝင်နိုင်ငံများ ပါဝင်သည်။ ထိုပြဋ္ဌာန်းချက်ထဲတွင် ရှင်းလင်းတိကျစွာ ဖော်ပြထားသည့် အပိုဒ်တစ်ပိုဒ်အဖြစ် ပါဝင်ခဲ့သည်။ အဆိုပါ အပိုဒ်တွင် အဓိက ရည်ညွှန်းထား သည်မှာ ဘယ်လ်လာရုစ်နိုင်ငံသည် ရုရှားနိုင်ငံနည်းတူ ကာကွယ်မှုရရှိမည်ဟုဆိုထားကြောင်း RT သတင်းဌာန တွင် ဖော်ပြထားသည်။

29 Nov

ADVERTISE HERE .