၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပပြီးစီး
29 Nov၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့ရာ အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရပါတယ်။ နဝမနေ့ပြပွဲမှာ ဖွင့်ဖောက်စစ်ဆေးထားသည့် ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသော အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် ၄,၀၆၀ မှ အတွဲအမှတ် ၄,၈၀၀ အထိ ကျောက်စိမ်းအတွဲပေါင်း ၇၄၁ တွဲအနက် ကျောက်စိမ်းအတွဲပေါင်း ၇၁၄ တွဲကို ရောင်းချရကြောင်း ကြေညာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ နိုဝင်ဘာလ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါပြပွဲမှာ ပုလဲအတွဲပေါင်း ၂၈၀ အနက်မှ ပုလဲအတွဲပေါင်း ၂၀၈ တွဲကို လည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ အနက်မှ ကျောက်မျက်အတွဲပေါင်း ၆၂ တွဲကိုလည်းကောင်း၊ အုပ်စု (အေနှင့်ဘီ) တို့မှ ကျောက်စိမ်း အတွဲပေါင်း ၂,၅၅၉ တွဲအနက်မှ ကျောက်စိမ်းအတွဲပေါင်း ၁,၈၂၃ တွဲကိုလည်းကောင်း၊ အုပ်စု (စီ)မှ ကျောက်စိမ်းအတွဲပေါင်း ၂,၂၄၁ တွဲ အနက်မှ ကျောက်စိမ်း အတွဲပေါင်း ၂,၁၄၃ တွဲကိုလည်းကောင်း ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့ပါတယ်။ အဆိုပါ ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်၊ နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများရရှိစေရန်၊ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့ တို့ရှိ ကျောက်စိမ်းအချောထည် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော MSME လုပ်ငန်းများအတွက် ကုန်ကြမ်းရရှိစေရန်ရည်ရွယ်ကာ ကျင်းပခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)