“ACMECS ခရီးသွားလုပ်ငန်း ချိတ်ဆက်မြှင့်တင်နိုင်ရန် ခရီးစဉ်တစ်ခုကို အကောင်အထည်ဖော်”
29 Nov(၆) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ရဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးကို နိုဝင်ဘာလ ၂၈ ရက်က ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ခရီးသွားလုပ်ငန်းဝန်ကြီးများတက်ရောက်ကာ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဒုဝန်ကြီး H.E. Mrs. Darany Phommavongsa မှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၇ ရက်တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကျင်းပခဲ့သည့် ၁၀ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးမှ အကြံပြုချက်များကို အကောင်အထည်ဖော်ရန်၊ ACMECS ခရီးသွားလုပ်ငန်း ချိတ်ဆက်မှုမြှင့်တင်ရန် “ငါးနိုင်ငံ ခရီးစဉ် တစ်ခု”သည် အဖွဲ့ဝင်နိုင်ငံအားလုံးပါဝင်ကာ ပိုမိုရေရှည်တည်တံ့ခိုင်မြဲမယ့် အသိုက်အဝန်းကို အကောင်အထည် ဖော်ရန် ရည်ရွယ်ချက်များအား သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါတယ်။ ACMECS ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး စီမံချက်ကို အဆင့်မြှင့်တင်ရာတွင် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးနှင့် ဈေးကွက်ချဲ့ထွင်ခြင်း၊ ခရီးသွားထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်း ဖလှယ်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်း၊ ထုတ်ကုန်များ ချိတ်ဆက်မှုနှင့် ပုဂ္ဂလိက ကဏ္ဍ ပါဝင်ပတ်သက်မှု၊ အဖွဲ့အစည်းဆိုင်ရာ မူဘောင်များ ချမှတ်ရာတွင် ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားရန်တို့ ပါဝင်သည်။ အဆိုပါ “ငါးနိုင်ငံ ခရီးစဉ်တစ်ခု” အစီအစဉ်ကို အကောင်အထည်ဖော်အားပေးမည်ဟု ACMECS ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် စတင်တာဝန်ထမ်းဆောင်ရတော့မည့် နစကဥက္ကဋ္ဌမှလည်း နိုဝင်ဘာလ ၇ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ (ACMECS) ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ACMECS (အက်မက်စ်) ကို လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်မှာ မြန်မာနိုင်ငံ ၊ ပုဂံမြို့၌ စတင်ဖွဲ့စည်းခြင်းဖြစ်ပြီး လက်ရှိတွင် ၂၁ နှစ် ရှိပြီဖြစ်ကာ အဖွဲ့ဝင် ၅ နိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ၄ နှစ်တစ်ကြိမ် တာဝန်ယူကြခြင်း ဖြစ်ပါတယ်။ (NVS 004)