“မြန်မာ့ဆိပ်ကမ်းနှစ်ခုမှ မြန်မာ–ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ခဲ့”
29 Novမြန်မာ–ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုကို ကွန်တိန်နာစနစ် ကုန်သွယ်မှုပြုလုပ်ခဲ့ရာတွင် မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် The Myanmar Terminal (TMT) ဆိပ်ကမ်းများမှတဆင့် တင်ပို့မှုနှင့် တင်သွင်းမှုများ ဆောင်ရွက်နိုင်ခဲ့ ကြောင်း ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ (၄/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကနေ သိရပါတယ်။ နယ်စပ်ကုန်သွယ်မှုနည်းလမ်း (Border Trade Method) နဲ့ (ရန်ကုန် – ကော့သောင်း – ရနောင်း) နှင့် (ရနောင်း – ကော့သောင်း-ရန်ကုန်) သို့ ကွန်တိန်နာစနစ်ဖြင့် တင်ပို့/တင်သွင်းခြင်းကို မြန်မာ့စက်မှုဆိပ်ကမ်း (MIP) နှင့် The Myanmar Terminal (TMT) ဆိပ်ကမ်းများတွင် ၂၀၂၄ ခုနှစ် ဇွန်လမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါ တင်ပို့မှုနှင့် တင်သွင်းမှုများကို ယာယီအပြည်ပြည်ဆိုင်ရာ ကုန်တင်/ ကုန်ချဆိပ်ကမ်းများတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ တန်ဖိုးအမေရိကန်ဒေါ်လာ ၅၉ ဒသမ ၉၉၆ သန်း တင်ပို့နိုင်ခဲ့ကြောင်း၊ ရေချိုငါးတင်ပို့ နိုင်မှုအနေနဲ့ အောင်မင်္ဂလာဆိပ်ကမ်းမှ ၂၀၂၄ ခုနှစ်၊ မတ်လမှစ၍ ပို့ကုန်သင်္ဘော ၁၇ စင်း၊ ရေချိုငါး ၁၇၆၇ ဒသမ ၈၂၉ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၂၄ ခုနှစ် မတ်လမှ နိုဝင်ဘာလအထိ သက်ဆိုင်ရာ Bonded Terminal များမှ ကုန်သေတ္တာစုစုပေါင်း ၂,၇၉၉လုံး ပြန်လည်ထုတ်ပေးနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လမှ အောက်တိုဘာလအထိ ဆိပ်ကမ်း၊ ကုန်းတွင်း ကုန်သေတ္တာစခန်းတို့မှ စုစုပေါင်း ကုန်သေတ္တာ ၁၉၁,၃၈၇ လုံး ထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင်ပို့ကုန်ရငွေ ဝင်ရောက်ရန် ကျန်ရှိတဲ့ကုမ္ပဏီများရဲ့ အခက်အခဲများကို တာဝန်ရှိသူများက စဉ်ဆက် မပြတ် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး ကူညီဆောင်ရွက်ပေးနေကြရမည်ဖြစ်ကြောင်း၊ အဆက်အသွယ်မရတဲ့ ကုမ္ပဏီများနှင့် ဝန်ခံကတိပြုထားပြီး ပေးသွင်းရန် ပျက်ကွက်နေတဲ့ ကုမ္ပဏီများကို သက်ဆိုင်ရာဌာနများရဲ့ လုပ်ထုံး လုပ်နည်းများအတိုင်း အဆင့်ဆင့် အရေးယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားခဲ့ပါတယ်။ (NVS 004)