“ပုဂံရှေးဟောင်း သုတေသနပြတိုက်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၃၃,၇၈၀ ဝင်ရောက်ခဲ့”
28 Nov၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကာလ ဧပြီလမှ နိုဝင်ဘာလအတွင်း ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၃၃,၇၈၀ ဝင်ရောက်ခဲ့ပြီး ခရီးသွားဝင်ရောက်မှု မြင့်တက်လာခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ပြတိုက်သို့ခရီးသည်ဝင်ရောက်မှု လူဦးရေသည် ၂,၀၀၀ ကျော်သာရှိခဲ့သော်လည်း ပွင့်လင်းရာသီကာလ အောက်တိုဘာလမှစတင်ပြီး ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ခရီးသွားဝင်ရောက်မှု ပိုမို များပြားလာခဲ့ပါတယ်။ အောက်တိုဘာလတွင် ပြတိုက်သို့ ခရီးသည်ဝင်ရောက်မှု ၅,၀၀၀ ကျော်အထိရှိခဲ့ကာ ယခု နိုဝင်ဘာလ ၁ ရက်မှ ၂၆ ရက်အထိ လူဦးရေသည် ၆,၉၀၀ ခန့်ဝင်ရောက်ခဲ့ပါတယ်။ အခုလို ခရီးသွားများဝင်ရောက်လာခြင်းတို့ကြောင့် ဧပြီလမှ နိုဝင်ဘာလ ၂၆ ရက်အထိ ၃၃,၇၈၀ ရှိခဲ့ပြီး ဝင်ငွေ အနေနဲ့ ငွေကျပ် ၃၆ သန်းကျော်ရရှိခဲ့တယ်။ ထိုကဲ့သို့ ခရီးသွားဝင်ရောက်မှုများရှိခဲ့ရာတွင် ပြည်ပခရီးဝင်ရောက်မှုအနေနဲ့ တစ်လလျှင် လူဦးရေ ၃၀ ဝန်းကျင်အထိ လာရောက်လျက်ရှိပါတယ်။ ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို တနင်္လာနေ့နှင့် အများပြည်သူရုံးပိတ်ရက်များမှအပ နေ့စဉ်နံနက် ၉ နာရီခွဲ မှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ထားရှိပြီး ပြတိုက်ဝင်ကြေးအနေဖြင့် ပြည်တွင်းခရီးသွားတစ်ဦးလျှင် ငွေကျပ် ၁,၀၀၀ နှုန်း သတ်မှတ်ထားကာ ၁၂ နှစ်အောက် ကလေးငယ်များနှင့် ကျောင်းထောက်ခံစာပါရှိသော လာရောက်လေ့လာသူ ကျောင်းသား/ကျောင်းသူများနှင့် ရဟန်း၊ သံဃာများအား ဝင်ကြေးကင်းလွတ်ခွင့်ပြုထားပြီး နိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး ငွေကျပ် ၁၀,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရပါတယ်။ ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု ၉၄,၉၅၁ ဦးရှိခဲ့ပြီး ငွေကျပ် ၇၁၉ သိန်းကျော်ရရှိခဲ့ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS-004)