“ယခုပညာသင်နှစ်မှစတင်၍ တက္ကသိုလ်လူရည်ချွန်များ ရွေးချယ်မွေးထုတ်သွားမည်”

28 Nov

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က တက္ကသိုလ်ပါမောက္ခချုပ်များနှင့် ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများကို နိုဝင်ဘာလ ၂၇ ရက်နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ တွေ့ဆုံခဲ့ပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် သင်ကြားသင်ယူမှုဆိုင်ရာ အရည်အသွေးများ တိုးတက်ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ပါတယ်။ တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများက ဗီဒီယိုကွန်ဖရင့် စနစ်နဲ့ တက်ရောက်ကြပါတယ်။ ပြည်ထောင်စုဝန်ကြီးက ယခုပညာသင်နှစ်မှစတင်၍ တက္ကသိုလ်၊ ဒီဂရီကောလိပ် ပထမနှစ် ကျောင်းသား၊ကျောင်းသူများထဲမှ တက္ကသိုလ်လူရည်ချွန်များ ရွေးချယ်မွေးထုတ်သွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ရဲ့ အသက်က သုတေသနဖြစ်ကြောင်း၊ နိုင်ငံရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချသုတေသနနှင့် တီထွင် ဆန်းသစ်မှုတို့က အလွန်အရေးကြီးကြောင်း ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်းစား တွေးခေါ်နိုင်မှုနှင့် တီထွင်ဖန်တီးနိုင်မှုစွမ်းရည်မြင့်မားပြီး စိတ်ဓာတ်နှင့် ခံယူချက်မှန်ကန်ကောင်းမွန်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ် ဆရာ/ဆရာမများ၊ ဝန်ထမ်းများ အားလုံးအနေနဲ့ အရှိန်အဟုန်ဖြင့် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က တက္ကသိုလ်များရဲ့ ဥပဓိရုပ်ကောင်းမွန်ရေး၊ ပညာရေး အဆင့်အတန်းမြင့်မားရေး၊ သင်ရိုးညွှန်းတမ်းခေတ်မီရေး၊ သင်ကြားသင်ယူမှုမှန်ကန်ရေး၊ သုတေသနနဲ့ နိုင်ငံကို အကျိုးပြုရေး၊ အကဲဖြတ်စနစ် သုံးသပ်ရေးကိစ္စရပ်များကို ဆွေးနွေးပြီး အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။ (NVS 004)

28 Nov

ADVERTISE HERE .