“ကုန်သွယ်ရေးစစ်ပွဲဖြစ်လျှင် မည်သူမျှအနိုင်မရဟု တရုတ်သံရုံးပြော”

27 Nov

အမေရိကန်နှင့်တရုတ်နိုင်ငံတို့ကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားလာပါက မည်သူမျှ အနိုင်ရမည်မဟုတ် ကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ၎င်းသာ သမ္မတအဖြစ်တာဝန်ယူပြီးပါက တရုတ်နိုင်ငံ၏သွင်းကုန်စည်းကြပ်အခွန်ကို ၃၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ပြောလာပြီးနောက် တရုတ်သံရုံးက ယခုကဲ့သို့ ထုတ်ပြန်ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့ကြား စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုသည် သဘာဝအားဖြင့် နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် ကိစ္စဖြစ်ကြောင်း တရုတ်သံရုံးမှပြောရေးဆိုခွင့်ရှိသူ လျူဖန်းယု က ပြောသည်။ အလားတူ တစ်ဖက်နှင့်တစ်ဖက် ကုန်သွယ်ရေးစစ်ပွဲ သို့မဟုတ် သွင်းကုန်စည်းကြပ်အခွန် စစ်ပွဲဖြစ်ပွား ပါက မည်သူတစ်ဦးတစ်ယောက်မျှ အနိုင်ရလိမ့်မည်မဟုတ်ကြောင်း လျူဖန်းယု ကဆက်ပြောသည်။ ဒေါ်နယ်ထရမ့်သည် လာမည့်နှစ် ဇန်နဝါရီလ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် အမေရိကန်၏အဓိက ကုန်သွယ်ဖက်နိုင်ငံသုံးနိုင်ငံအပေါ် သွင်းကုန်စည်းကြပ်အခွန်တိုးမြှင့် ကောက်ခံမည့်ဥပဒေများနှင့်ပတ်သက်၍ လိုအပ်သော စာရွက်စာတမ်းများကို လက်မှတ်ထိုးသွားမည်ဖြစ်ကြောင်း ပြောထားသည်။ အမေရိကန်က ကနေဒါနှင့်မက္ကဆီကိုနိုင်ငံတို့အပေါ် သွင်းကုန်စည်းကြပ်အခွန် ၂၅ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံအပေါ် နောက်ထပ် ၁၀ ရာခိုင်နှုန်းဖြင့် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် ထိုနိုင်ငံများမှ အမေရိကန်နိုင်ငံသို့ မူးယစ်ဆေးဝါးများဝင်ရောက်မှုကို နှိပ်ကွပ်နိုင်သည်အထိ အခွန်များ တိုးမြှင့်ကောက်ခံသွားမည် ဖြစ်ကြောင်း ထရမ့်က ပြောထားကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

27 Nov

ADVERTISE HERE .