“ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား ယခုလအတွင်း ဘုရားဖူးပြည်သူတစ်သိန်းနှစ်သောင်းကျော် လာရောက်ဖူးမြော်”
27 Novမွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ ကျင်းပလျက်ရှိရာ အနယ်နယ်အရပ်မှ ဘုရားဖူးပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် နေ့စဉ်လာရောက်ဖူးမြော်နေကြပြီး ယခုလ နိုဝင်ဘာလအတွင်း လာရောက်ဖူးမြော်သူ ၁၂၅,၄၅၀ ဦးအထိရှိကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၁၇ ရက်ကနေ နိုဝင်ဘာလ ၂၃ ရက်အထိ ဘုရားဖူး ၁၇၀,၀၅၅ ဦးရှိကြောင်း၊ ပြည်တွင်းဘုရားဖူး ၁၆၉,၄၃၀ ဦးနှင့် ပြည်ပဘုရားဖူး ၆၂၅ ဦးရှိကြောင်း၊ နိုင်ငံခြားသားပြည်ပ ဘုရားဖူးများထဲမှာ ထိုင်းနိုင်ငံက အများဆုံးဖြစ်ကြောင်း၊ စနေ၊ တနင်္ဂနွေနှင့် အများပြည်သူ အလုပ်ပိတ်ရက် တွေမှာ အများဆုံးလာရောက်ကြကြောင်း ဂေါပကအဖွဲ့ကနေ သိရပါတယ်။ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ၊ အန္တရာယ်ကင်းဝေး စေရန်နှင့် စိတ်ချမ်းမြေ့စွာဘုရားဖူးမြော်နိုင်ရန်အတွက် စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက လုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ် ဆောင်ရွက် ပေးလျက်ရှိကြောင်း တောင်တက်မော်တော်ယာဉ်အစီးရေ ၁၅၀ ကို နေ့စဉ်ပြေးဆွဲပေးနေပြီး သတ်မှတ်လူဦးရေနှင့် ယာဉ်စီးနင်းခများကိုလည်း သတ်မှတ်နှုန်းထားဖြင့် အလွယ်တကူ လိုက်ပါစီးနင်းနိုင်ရန် စီမံထားကြောင်း သိရပါတယ်။ ဘုရားဖူးပြည်သူများစည်ကားများပြားတဲ့အတွက် ကျိုက်ထီးရိုးတောင်တော်တစ်လျှောက် အထင်ကရ နေရာများဖြစ်တဲ့ မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ်လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီးစေတီတော်၊ ရေတံခွန်စတဲ့ နေရာများ၊ ရင်ပြင်တော်ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရအရောင်းဆိုင်များ၌ ဘုရားဖူးများနဲ့ စည်ကားနေသည့်အပြင် အခမဲ့နှင့် အခပေးတည်းခိုဆောင်များ၊ ရင်ပြင်တော်၌လည်း တည်းခိုနေထိုင်သူများပြား လျက်ရှိကြောင်း တွေ့ရပါတယ်။ (NVS 004)