“ငါးရိက္ခာဖူလုံစေရေးအတွက် ထန်းတပင်မြို့နယ်မှာ ငါးနှင့်ပုစွန် မွေးမြူရေးကန်ဧရိယာ တိုးချဲ့ထား”

27 Nov

ထန်းတပင်မြို့နယ်မှာ ငါးနှင့်ပုစွန်မွေးမြူရေးကန်ဧရိယာ ၁၈,၅၃ဝ ဒသမ ၃၈ ဧကအထိ တိုးချဲ့ထားတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနမှ သိရပါတယ်။ ထန်းတပင်မြို့နယ်အတွင်း ပုဂ္ဂလိကငါးမွေးမြူရေးလုပ်ငန်းရှင် ၂၇၀ ဦးရှိပြီး ငါးကန်ဧရိယာ ၁၇,၆၃၂ ဒသမ ၆ ဧက၊ ပုစွန်မွေးမြူရေးလုပ်ငန်းရှင် ၄၈ ဦးနှင့် ပုစွန်ကန်ဧရိယာ ၈၉၇ ဒသမ ၇၈ ဧကရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ငါးမွေးမြူရာမှာလည်း ငါးမြစ်ချင်းမျိုးများကိုသာ အဓိကထားမွေးမြူလျက်ရှိပြီး ငါးတန်၊ ငါးကြင်းနှင့် ငါးခေါင်းပွမျိုး များကို အနည်းငယ်သာထည့်သွင်းမွေးမြူလျက်ရှိတယ်လို့ သိရပါတယ်။ နှစ်စဉ် မတ်လ၊ ဇွန်လ၊ ဇူလိုင်လ၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ငါးကန်များမှာ ငါးမျိုးများကို ထည့်သွင်းမွေးမြူလျက်ရှိပြီး တစ်နှစ်လျှင် တစ်ကြိမ်နှုန်းဖြင့် ငါးကန်ဖော်ခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရပါတယ်။ ကန်ဖော်သည့်အချိန်မှာ ငါးမြစ်ချင်း တစ်ကောင်ကို ၇၀ ကျပ်သားခန့်၊ ငါးကြင်းတစ်ကောင်ကို ၅၀ ကျပ်သား ခန့်၊ ငါးတန်တစ်ကောင်ကို ၇၀ ကျပ်သားခန့်နှင့် ငါးခေါင်းပွတစ်ကောင်ကို ၅၀ ကျပ်သား ခန့်အရွယ်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပုစွန်မွေးမြူရာမှာလည်း ရေချိုပုစွန်ကိုသာ အဓိကထားမွေးမြူလျက်ရှိပြီး နှစ်စဉ် မိုးဦးကာမှာ ပုစွန်မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ကာ တစ်နှစ်ကို နှစ်ကြိမ်ကန်ဖော်ကြောင်း သိရပါတယ်။ (NVS 004)

27 Nov

ADVERTISE HERE .