“ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံလုပ်ငန်း ရေကြီးနစ်မြုပ်ပျက်စီးခြင်းအတွက် လျော်ကြေးငွေကျပ် ၁၂၉ သန်း ကျော်ပေးအပ်”
27 Novစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှဆောင်ရွက်နေတဲ့ ရာသီဥတု အညွှန်းကိန်း သီးနှံအာမခံလုပ်ငန်းရဲ့ ရေကြီးနစ်မြုပ်ပျက်စီးခြင်းအတွက် တောင်သူများကို လျော်ကြေးငွေပေးအပ်တဲ့ အခမ်းအနား ကို နိုဝင်ဘာလ ၂၅ ရက်နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ကျင်းပခဲ့ရာ ဘားအံခရိုင်နှင့် လှိုင်းဘွဲ့မြို့နယ် များမှ တောင်သူများကို စုစုပေါင်းသီးနှံလျော်ကြေး ငွေကျပ် ၁၂၉ ဒသမ ၃၆၀ သန်းကို ပေးအပ်ခဲ့တယ်လို့ မြန်မာ့အာမခံလုပ်ငန်းမှ သိရပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာနှင့် မြန်မာ့အာမခံလုပ်ငန်း ပြည်နယ်မန်နေဂျာတို့က မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ယူပြီး မြန်မာ့အာမခံလုပ်ငန်းမှာ သီးနှံအာမခံထား ရှိခဲ့ကြတဲ့ ဘားအံမြို့နယ်မှ တောင်သူ ၇၁၄ ဦး၊ စိုက်ဧက ၃,၆၈၂ ဧကအတွက် လျော်ကြေးငွေ ၁၂၀ ဒဿမ ၂၁၀ သန်း၊ လှိုင်းဘွဲမြို့နယ်မှ တောင်သူ ၃၄ ဦး၊ စိုက်ဧက ၂၀၉ ဧကအတွက် လျော်ကြေးငွေ ၉ ဒသမ ၁၅ သန်း စုစုပေါင်းရာသီဥတုအညွှန်းကိန်း သီးနှံအာမခံလျော်ကြေးငွေကျပ် ၁၂၉ ဒသမ ၃၆၀ သန်းကို တောင်သူများထံ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ လျော်ကြေးငွေပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက တောင်သူများ၏ စိုက်ပျိုးသီးနှံများ မှာ ကြုံတွေ့နိုင်သော သဘာဝဘေးအန္တရာယ်များကို အာမခံစနစ်နဲ့ ကာကွယ်ထောက်ပံ့ပေးနိုင်ရေးဆောင်ရွက်ရာမှာ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲများ၊ ဌာနဆိုင်ရာများနှင့် တောင်သူများ လက်တွေ့ကျကျပူးပေါင်းပါဝင်ဆောင်ရွက်မှသာ သီးနှံအာမခံစနစ်အောင်မြင်စွာ ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် အားလုံးကူညီဆောင်ရွက်ပေးကြစေလိုပြီး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ သီးနှံအာမခံလုပ်ငန်းကို စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်တဲ့အတွက် တောင်သူများအနေဖြင့် သီးနှံအာမခံကို နောင်နှစ်များမှာ မဖြစ်မနေဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။ (NVS 004)