“မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းသာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲရေး ရှေးမူမပျက်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိ”

27 Nov

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရှေးဟောင်းသာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲရေး ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အခုလိုဆောင်ရွက်နေမှုများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့က နိုဝင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်တို့မှာ လိုက်လံကြည့်ရှုခဲ့ကြောင်း သိရပါတယ်။ အမရပူရမြို့နယ်ရှိ ရတနာပုဏ္ဏဝရဒါဌာဓာတု စေတိယ စွယ်တော်မြတ်စေတီတော် ပရိဝုဏ်သန့်ရှင်းသပ်ရပ် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ နန်းမြို့ရိုးအနောက်ဘက် စည်ရှည် တံခါးပေါက်နှင့် မြို့ရိုးများကြံ့ခိုင်မှုရှိစေရန် ပြုပြင်ထိန်းသိမ်းနေမှု၊ ပြာသာဒ်ကြီး၊ ပြာသာဒ်ငယ်အဆောင်များ ပြုပြင်ထိန်းသိမ်းနေမှု၊ နန်းမြို့ရိုးတောင်ဘက်နှင့် အနောက်ဘက်များတွင် ဆွေးမြည့်နေသည့် အုတ်များပြုပြင်နေမှု၊ စည်ရှည်တံတားအား မူလပုံသဏ္ဌာန်မပျက် ပြန်လည်တည်ဆောက်နေမှုတို့ကို ကြည့်ရှုခဲ့ကြပါတယ်။ ဒါ့အပြင် မဟာအတုလဝေယံ(အတုမရှိ) ကျောင်းတော်ကြီးနှင့် ရွှေနန်းတော်ကျောင်း(ရွှေကျောင်း)တို့ကို ရှေးမူမပျက်စနစ်တကျ ပြုပြင်ထိန်းသိမ်းနေမှု၊ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်ရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရားရှိ သုဓမ္မာဇရပ်များ အပါအဝင် သာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲရေး ပြုပြင်ထိန်းသိမ်းနေမှု၊ ဥပုသ်တော်ရပ်ကွက်ရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရားရှိ သုဓမ္မာ ဇရပ်တန်းကို ပြန်လည်ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါတယ်။ ထို့အတူ နိုဝင်ဘာလ ၂၄ ရက်ကလည်း အင်းဝရှေးဟောင်းယဉ်ကျေးမှုဇုန် နယ်မြေအတွင်းရှိ မဟာဇေယျပထ တံတား(ခ) ဦးအိုအုတ်လမ်း၏ ကြွင်းကျန်နေသော ပေ ၂,၆၀၀ ကျော်ရဲ့ ပျက်စီးနေမှုကို လက်ရှိပြန်လည် ပြုပြင်ရမည့် အခြေအနေနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ လွယ်ကူချောမွေ့စွာ သွားလာနိုင်ရန် လမ်းများပြုပြင်ရမည့် အခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြပါတယ်။ ဆက်လက်ပြီး အင်းဝမြို့ဟောင်းစည်တိုပုံမြို့ရိုး မြို့တည်နန်းတည် သတိုးမင်းဖျားမင်းရုပ်တု၊ မဟာအောင်မြေဘုံစံအုတ်ကျောင်း(ခ)မယ်နုအုတ်ကျောင်းကို မြေဝါသုတ်ခြင်းနှင့် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အင်းဝယဉ်ကျေးမှုဇုန်အတွင်း ခရီးသွားများအဆင်ပြေစွာ လေ့လာ ကြည့်ရှုနိုင်ရေးနှင့် သန့်ရှင်းသာယာလှပရေး အစီအစဉ်များရေးဆွဲထားကြရန် တာဝန်ရှိသူများကို မှာကြားခဲ့ပါတယ်။ (NVS 004)

27 Nov

ADVERTISE HERE .