“ယခုနှစ်အတွင်း ပြည်ပသို့ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတန်ချိန် ၁ ဒသမ ၅ သန်းကျော် တင်ပို့ထား”

26 Nov

မြန်မာနိုင်ငံမှထွက်ရှိတဲ့ ပဲအမျိုးမျိုးအနက် ပြည်ပသို့ အဓိကထားတင်ပို့နေသော ပဲသုံးမျိုးဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို ယခုနှစ်အတွင်းမှာ တန်ချိန် ၁ ဒသမ ၅ သန်းကျော် တင်ပို့ထားပြီးဖြစ်တာကြောင့် ပြည်ပသို့ တင်ပို့မှု လျာထားချက်ပြည့်မီပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှ သိရပါတယ်။ မြန်မာနိုင်ငံမှထွက်ရှိသော ပဲအမျိုးမျိုးထဲမှ ၇၀ ရာခိုင်နှုန်းကျော်ကို ပြည်ပနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက နှစ်စဉ် ဝယ်ယူလျက်ရှိပြီး ထိုကဲ့သို့တင်ပို့နိုင်ရန် နှစ်နိုင်ငံကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားခြင်းဖြစ်ပါတယ်။ မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့နေကာ ပဲတီစိမ်းကို တခြားသော ပြည်ပနိုင်ငံများသို့ တင်ပို့လျက် ရှိနေပါတယ်။ လက်ရှိမှာတော့ ပြည်တွင်း၌ ပဲလက်ကျန်များအနေနဲ့ မတ်ပဲတန်ချိန် ရှစ်သောင်းခန့်နှင့် ပဲစင်းငုံတန်ချိန် နှစ်သောင်းခန့်သာ ကျန်ရှိပြီး ပဲတီစိမ်းမှာ ပြည်တွင်းလက်ကျန်မရှိသလောက် နည်းပါးသွားပြီဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ်များတွင် မြန်မာနိုင်ငံမှထွက်ရှိသော ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း စသည်တို့ကို ပြည်ပနိုင်ငံများက ဝယ်လိုအား များလာခြင်းတို့ကြောင့် ပြည်ပတင်ပို့မှုပမာဏနှင့် လိုက်လျောညီထွေမှုရှိကာ လျာထားချက် ပြည့်မီကျော်လွန်စေရေး အတွက် စိုက်ပျိုးထုတ်လုပ်မှုများ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာစေရန် စိုက်ပျိုးရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာ အစိုးရဌာနများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်လျက် ရှိနေပါတယ်။ (NVS-004)

26 Nov

ADVERTISE HERE .