“အမေရိကန်က ဒုံးကျည်ဖြန့်ကြက်ထားသည့်နေရာများ၌ ရုရှားကလည်း တာတိုနှင့်တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကြက်ချထားမည်”
26 Novအမေရိကန်က ဒုံးကျည်များဖြန့်ကြက်ချထားသည့်နေရာများ၌ ရုရှားကလည်း တာတိုနှင့်တာလတ်ပစ် ဒုံးကျည်များကို ဖြန့်ကြက်ချထားမည်ဖြစ်ကြောင်း အထူးသဖြင့် အာရှ-ပစိဖိတ်ဒေသ၌ ထိုဒုံးကျည်များကို ဖြန့်ကြက် သွားမည်ဖြစ်ကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီယက်ကော့က ပြောသည်။ ရုရှားနိုင်ငံအနေဖြင့် အာရှ ဒေသနိုင်ငံများ၌ တာတိုနှင့်တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကြက်ချထားနိုင်ခြင်း ရှိ၊ မရှိကို သတင်းထောက်များက မေးမြန်းစဉ် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။ လက်ရှိတွင် ထိုသို့သောဒုံးကျည်များ ဖြန့်ကြက်ချထားခြင်းကို ခေတ္တဆိုင်းငံ့ထားသော်လည်း ပြန်လည်ဖြန့်ကြက်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ အမေရိကန်၏ မူဝါဒအပေါ် များစွာမူတည်နေကြောင်း ဆာဂျီယက်ကော့ က နိုဝင်ဘာလ ၂၅ ရက်တွင် ပြောထားခြင်းဖြစ်သည်။ ထို့ပြင် လက်ရှိအပြည်ပြည်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအရ ရုရှားနိုင်ငံ၏တာလတ်ပစ်ဒုံးကျည်အသစ် များဖြစ်သော Oreshnik ကို ဖြန့်ကြက်မည်ဆိုလျှင်လည်း မည်သည့်တားမြစ်ချက်မျှမရှိကြောင်း ဆာဂျီယက်ကော့ က ဆက်ပြောသည်။ တစ်ချိန်တည်းမှာပင် ၁၉၉၈ ခုနှစ်တွင်ရရှိသည့် ရုရှားနှင့်အမေရိကန်တို့ကြား ဒုံးကျည် ပစ်လွှတ်မှုအတွက် အသိပေးရန် အပြန်အလှန်နားလည်မှု သဘောတူညီချက်မှာ အသက်ဝင်နေဆဲဖြစ်ကြောင်း၊ ထို့ကြောင့်ပင် မကြာသေးမီက ရုရှားကလုပ်ဆောင်သော Oreshnik ဒုံးကျည်ကို စစ်မြေပြင်သို့ စမ်းသပ် ပစ်လွှတ်မှုအား အမေရိကန်သို့ အသိပေးအကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု ဆာဂျီယက်ကော့ က ပြောထားကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။