“တစ်ရက်လျှင် ဆီတန်ချိန် ၅၀ ကြိတ်ခွဲထုတ်လုပ်နိုင်မယ့် စံချိန်ဆီစက်ရုံကို ရွှေပြည်သာမြို့နယ်တွင်ဖွင့်လှစ်”

26 Nov

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်မှာ နိုဝင်ဘာလ ၂၄ ရက်က ဖွင့်လှစ်လိုက်တဲ့ Global Good Pure Group ကုမ္ပဏီလီမိတက်ရဲ့ စံချိန်ဆီစက်ရုံမှ တစ်ရက်ကို ဆီတန်ချိန် ၅၀ ကြိတ်ခွဲနိုင်ပြီး တစ်လကို ဆီတန်ချိန် ၁,၅၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ ရွှေပြည်သာမြို့နယ်၊ အမှတ် (၆၂)၊ ကမ်းနားလမ်းနှင့် ဦးချိန်လမ်းထောင့် စက်မှုဇုန်(၂)မှာ Global Good Pure Group ကုမ္ပဏီလီမိတက်ရဲ့ စံချိန်ဆီစက်ရုံ (Refinery Plant) ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၄ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ စက်မှုဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း စသည့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ ဖွင့်ပွဲအခမ်းအနားအတွင်း စံချိန်ဆီစက်ရုံအတွင်း ထုတ်လုပ်ထားတဲ့ ဆီများပြသထားမှု၊ ဆီထုတ်လုပ်ပြီး ကုန်ကြမ်းများ ဆောင်ရွက်ထားမှုအခြေအနေများနှင့် ဆီထုတ်လုပ်နေမှုအဆင့်ဆင့်တို့ကို စက်ရုံတာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြပါတယ်။ အဆိုပါ ဖွင့်လှစ်သည့် Global Good Pure Group ကုမ္ပဏီလီမိတက်၏ စံချိန်ဆီစက်ရုံ (Refinery Plant) က မြန်မာနိုင်ငံမှာ မြေပဲနှင့် နေကြာဆီထွက်သီးနှံကို စတင်ကြိတ်ခွဲ ထုတ်လုပ်သော စက်ရုံကြီးတစ်ခုဖြစ်ကြောင်း တစ်လလျှင် ဆီတန်ချိန် ၁,၅၀၀ အထိ ထုတ်လုပ်နိုင်တဲ့အတွက် ပြည်ပဆီတင်သွင်းမှုကို လျှော့ချနိုင်ပြီး ပြည်တွင်းစားသုံးမှု ဖူလုံစေရေး တို့မှာ အထောက်အကူပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 003)

26 Nov

ADVERTISE HERE .