ယူကရိန်းစစ်မြေပြင်၌ စစ်မှုထမ်းလိုသည့် တပ်သားသစ်များအတွက် အစိုးရကြွေးမြီပယ်ဖျက်ရေးဥပဒေ သမ္မတ ပူတင် လက်မှတ်ရေးထိုး
25 Novယူကရိန်းစစ်မြေပြင်၌ ပါဝင်တိုက်ခိုက်မည့် တပ်သားသစ်များအတွက် အစိုးရကြွေးမြီများဖြေလျှော့ပေးမည့် ဥပဒေကြမ်းတစ်ရပ်ကို ရုရှားသမ္မတ ပူတင် က နိုဝင်ဘာလ ၂၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါဥပဒေအရ ယူကရိန်းစစ်မြေပြင်၌ အနည်းဆုံးတစ်နှစ် တာဝန်ထမ်းဆောင်ရန် ရုရှားကာကွယ်ရေး ဝန်ကြီးဌာနနှင့် လက်မှတ်ရေးထိုးမည့် တပ်သားသစ်များ၏ အစိုးရကြွေးမြီများကို ပယ်ဖျက်ပေးနိုင်မည်ဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားကြောင်း သိရသည်။ အဆိုပါဥပဒေအရ ယူကရိန်းစစ်မြေပြင်၌ တာဝန်ထမ်းဆောင်မည့်တပ်သားသစ်များ၏ အစိုးရကြွေးမြီများ အနက်က ရူဘယ်လ်ငွေ ၁၀ သန်း(အမေရိကန်ဒေါ်လာ ၉၅,၈၃၅ ဒေါ်လာ)အထိ ပယ်ဖျက်ပေးခွင့်ရှိကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရသိရသည်။ ၎င်းဥပဒေတွင် လာမည့်ဒီဇင်ဘာလ ၁ ရက်မတိုင်မီ အစိုးရကြွေးမြီ များ ပြန်ပေးဆပ်ရမည့် တပ်သားသစ်အားလုံးအကျုံးဝင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။ ရုရှားနိုင်ငံသည် ယူကရိန်းစစ်မြေပြင်၌ ပါဝင်တိုက်ခိုက်လိုသူများကို ပျမ်းမျှလစာထက်များစွာပိုများသည့် ဆုကြေးခံစားခွင့်များကမ်းလှမ်း၍ စစ်သည်သစ်များစုဆောင်းမှုကို မြှင့်တင်လျက်ရှိသည်။ ယင်းနည်းလမ်းများကြောင့် ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းစစ်ပွဲအတွက် အရန်တပ်များ ထပ်မံဆင့်ခေါ်ရမည့်အခြေအနေကို ရှောင်ရှားနိုင်သလို စစ်ပွဲအတွက်လည်း လူအင်အားဖြည့်တင်းပေးနိုင်ခဲ့ကြောင်းသိရသည်။