လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာနိုင်ပြီး နိုဝင်ဘာလ ၂၅ ရက်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်
24 Nov၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက် မြန်မာစံတော်ချိန် နံနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ အီကွေတာ အနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဆက်လက်တည်ရှိနေပြီး အနောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ နိုဝင်ဘာလ ၂၅ ရက်တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ အဆိုပါ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂ ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေ-သီရိလင်္ကာနိုင်ငံကမ်းခြေတို့သို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ ယနေ့ညနေအထိခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမိုးရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေမှာဖြစ်ပါတယ်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ်လျော့နည်းနိုင်ကြောင်း ထုတ်ပြန်ကြေညာ ထားပါတယ်။(NVS 003)