ဖိလစ်ပိုင်နိုင်ငံရှိ အင်အားကြီးနိုင်ငံရေးမိသားစုနှစ်စုအကြား သဘောထားတင်းမာမှုများ မြင့်တက်
24 Novဖိလစ်ပိုင်နိုင်ငံရှိ အင်အားကြီးနိုင်ငံရေးမိသားစုများဖြစ်ကြသော ဖာဒီနန်မားကို့စ်၏မိသားစုနှင့် ဒူတာတေ၏ မိသားစုတို့ကြားတွင် သဘောထားတင်းမာမှုများ ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။ သမ္မတဟောင်း ဒူတာတေ၏သမီးဖြစ်သူ လက်ရှိဒုတိယသမ္မတ ဆာရာဒူတာတေ က ၎င်းအနေဖြင့် အသတ်ခံရ ခဲ့သည်ရှိသော် လက်ရှိသမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ အပါအဝင် ၎င်းတို့၏မိသားစုကိုလုပ်ကြံရန် လုပ်ကြံရေး သမားကို ညွှန်ကြားခဲ့ပြီးဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။ ထို့နောက် ဖိလစ်ပိုင်လုံခြုံရေးအေဂျင်စီများက သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ ၏ လုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေးအစီအမံများကို တိုးမြှင့်ဆောင်ရွက်နေသည်ဟု တာဝန်ရှိသူများက ပြောသည်။ ဆာရာဒူတာတေ က ၎င်းအနေဖြင့် လုပ်ကြံရေးသမားတစ်ဦးနှင့် စကားပြောပြီးပြီဖြစ်ကြောင်း၊ အကယ်၍ ၎င်းသာအသတ်ခံရလျှင် ဖာဒီနန်မားကို့စ်ဂျူနီယာနှင့် ဇနီးအပြင် လွှတ်တော်ဥက္ကဋ္ဌတို့ကို လုပ်ကြံရန် ညွှန်ကြားထားပြီးဖြစ်ကြောင်းနှင့် ထိုသို့ ပြောဆိုနေခြင်းသည် ဟာသလုပ်နေခြင်းမဟုတ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ၌ ပြောထားခြင်းဖြစ်သည်။ ဆာရာဒူတာတေ သည် ဖာဒီနန်မားကို့စ်ဂျူနီယာ၏ အစိုးရအဖွဲ့မှ နုတ်ထွက်ခဲ့ပြီးဖြစ်သော်လည်း ဒုတိယ သမ္မတအဖြစ် တာဝန်ဆက်လက်ထမ်းဆောင်နေခြင်းဖြစ်သည်။ ထိုသို့နိုင်ငံရေးအင်အားကြီး မိသားစုနှစ်စုအကြား သဘောထားကွဲလွဲနေခြင်းသည် ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအပေါ် သဘောထားမညီညွတ်မှု၊ သမ္မတဟောင်း ဒူတာတေ၏ မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ဆောင်ချက်တို့ကြောင့်ဖြစ်ကြောင်း သိရသည်။