ဆန်တန်ချိန် ၂၅ တန်နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံပိုင်ဆိုင်ထားသူ များ MyRo တွင် မှတ်ပုံတင်ဖို့ အသိပေးထုတ်ပြန်

23 Nov

ပြည်တွင်းမှာလုပ်ကိုင်လျက်ရှိတဲ့ ဆန်စပါးသိုလှောင်ရုံလုပ်ငန်းများအနေဖြင့် စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန် ဆန်တန်ချိန် ၂၅ တန်နှင့်အထက် သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်ထားသူ များ Myanmar Rice Online (MyRo)တွင် မှတ်ပုံတင်လျှောက်ထားကြရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ နိုဝင်ဘာလ ၂၁ ရက်မှာ အသိပေးကြေညာခဲ့ပါတယ်။ ယခင်က ဆန်တန်ချိန် ၅၀ (သို့မဟုတ်) စပါးတင်း ၅၀၀၀ နှင့်အထက် သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုကို ဆောင်ရွက်ခဲ့တဲ့အပြင် ယခုအခါမှာ အသေးစား၊ အငယ်စား ဆန်ဆိုင်များပါ မှတ်ပုံတင်နိုင်ရေး စီစဉ်ဆောင်ရွက် လာတာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဆိုပါ အသိပေးကြေညာချက်အရ ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့နိုင်ရေး၊ ဆန်စပါး ဈေးကွက်နှင့် ကုန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေများကို စနစ်တကျစာရင်းပြုစု မှတ်ပုံတင်ထားရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေး တို့အတွက်ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါကိစ္စရပ်များနဲ့ပတ်သက်ပြီး “ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းဆိုင်ရာအမိန့်အား ယခုနှစ် အောက်တို ဘာလ ၂၄ ရက်မှာ အမိန့်အမှတ် ၈၂/၂၀၂၄ ဖြင့် ထုတ်ပြန်ထားပြီး ယင်းအမိန့်ထုတ်ပြန်ပြီး ၂ လပြည့်မြောက်သည့် နေ့ရက်တွင် မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိပါက စာဖြင့်သတိပေးခြင်းဖြင့်ဖြစ်စေ၊ ဆန်စပါးလုပ်ငန်းနှင့် သက်ဆိုင်သော လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ လုပ်ကိုင်ခွင့်ယာယီပိတ်သိမ်းခြင်းကို လိုအပ်လျှင် သက်ဆိုင်ရာအစိုးရဌာနက ပြုလုပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ဖြစ်စေ၊ အဆိုပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့် ၂ ရပ်လုံးကိုဖြစ်စေ ချမှတ်ခံရမယ် လို့လည်း ဖော်ပြထားပါတယ်။(NVS 004)

23 Nov

ADVERTISE HERE .