အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကျင်းပ

23 Nov

အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို နိုဝင်ဘာလ ၂၁ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရပါတယ်။ အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ခုံသမာဓိကောင်စီဝင်များ၊ အထက်မြန်မာပြည် ခုံသမာဓိအဖွဲ့ဝင်များ၊ မြို့နယ်ညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)နှင့် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(MRCCI)တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အလုပ်ရှင်၊ အလုပ်သမားအကြား အငြင်းပွားမှုကို ပြေလည်စွာ ဖြေရှင်းနိုင်ရန်နှင့် လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်လာစေရန် အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)ကို အလုပ်သမား ၃၀ ဦးနှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများတွင် ဖွဲ့စည်းပေးထားကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင်ရွက်နေသည့် ကာလအတွင်း စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်၍ ပို့ကုန်ကဏ္ဍမြှင့်တင်‌ရေး ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း/ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လျက်ရှိကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာမည်ဖြစ်သလို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်သမားများ၏ လူမှုဘဝတိုးတက်ရေးတွင် တစ်ဖက်တစ်လမ်းက အထောက်အကူပြုလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 004)

23 Nov

ADVERTISE HERE .