ဟိုက်ပါဆိုးနစ်တာလတ်ပစ်ဒုံးကျည်သစ်ဖြင့် ယူကရိန်းကို တိုက်ခိုက်ခဲ့ကြောင်း သမ္မတ ပူတင် အတည်ပြု
23 Novယူကရိန်းနိုင်ငံ၊ ဒီနီပရိုမြို့ကို နိုဝင်ဘာလ ၂၁ ရက်တွင် အသံထက်မြန်နှုန်းလွန် တာလတ်ပစ်ဒုံးကျည်သစ် တစ်မျိုးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရုရှားသမ္မတ ပူတင် က အတည်ပြုပြောကြားခဲ့သည်။ ရုရှားတပ်မတော်အနေဖြင့် ယူကရိန်းနိုင်ငံ၊ ဒီနီပရိုမြို့ရှိ ယူကရိန်းစစ်စခန်းတစ်ခုကို အော်ရက်ရှ်နစ်ခ်အမည်ရှိ ဟိုက်ပါဆိုးနစ်တာလတ်ပစ် ဒုံးကျည်သစ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရုပ်သံမိန့်ခွန်းတွင် သမ္မတ ပူတင် က ကြေညာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် အနောက်အုပ်စုက စတင်မီးမွှေးခဲ့သော ယူကရိန်းစစ်ပွဲတွင် နိုင်ငံတကာစစ်ရေးပဋိပက္ခတစ်ခု၏ လက္ခဏာများ ပေါ်ထွက်လာပြီဖြစ်ကြောင်း ရုရှားသမ္မတက ပြောကြားခဲ့သည်။ အနောက်အုပ်စုထုတ် တာဝေးပစ် ဒုံးကျည်များအသုံးပြု၍ ယူကရိန်းနိုင်ငံက ရုရှားပိုင်နက်ကို တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားတပ်မတော်က အော်ရက်ရှ်နစ်ခ် အသံထက်မြန်နှုန်းလွန် ဟိုက်ပါဆိုးနစ်ဒုံးကျည်ကို အသုံးပြု၍ ယူကရိန်းကို တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တာလတ်ပစ်ဒုံးကျည်သစ်ဖြင့် ယူကရိန်းကို မတိုက်ခိုက်မီ ရုရှားတပ်မတော်က အမေရိကန်နိုင်ငံကို ကြိုတင်အသိပေးခဲ့ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက ပြောကြားထားသည်။ ရုရှားနိုင်ငံသည် သုံးနှစ်နီးပါးကြာမြင့်လာပြီဖြစ်သော ယူကရိန်းစစ်ပွဲအတွင်း အသံထက်မြန်နှုန်းလွန် ဟိုက်ပါ ဆိုးနစ် တာလတ်ပစ်ဒုံးကျည်အမျိုးအစားကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။