“စပါးစိုက်တောင်သူများအား လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder အလက် ၅၀၀ ဖြန့်ဖြူးပေးမည်”
22 Novမကွေးတိုင်းဒေသကြီးအတွင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့က ယခုဘဏ္ဍာနှစ်တွင် လက်ဆွဲမျိုးစေ့ချကိရိယာ Manual Drum Seeder Type 2 အမျိုးအစား အလက် ၅၀၀ ကို နွေစပါးစိုက်ပျိုးရာသီအမီ ဒေသအတွင်းရှိ စပါးစိုက် တောင်သူများ အသုံးပြုနိုင်ရန် ဖြန့်ဖြူးပေးအပ်သွားမယ်လို့ မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များအလိုက် လက်ဆွဲမျိုးစေ့ချကိရိယာ Manual Drum Seeder Type 2 အမျိုးအစားများကို ဖြန့်ဖြူးပေးရာတွင် မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ၂၅ လက်၊ မြို့သစ်မြို့နယ်တွင် ၇၆ လက်၊ တောင်တွင်းကြီးမြို့နယ်တွင် ၈၆ လက်၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ၄၁ လက်၊ ပွင့်ဖြူမြို့နယ်တွင် ၈၆ လက်၊ စလင်းမြို့နယ်တွင် ၅၁ လက်၊ စေတုတ္တရာမြို့နယ်တွင် လေးလက်၊ ငဖဲမြို့နယ်တွင် ကိုးလက်၊ သရက်ခရိုင်၊ သရက် မြို့နယ်တွင် ၁၄ လက်၊ မင်းတုန်းမြို့နယ်တွင် ၁၅ လက်၊ မင်းလှမြို့နယ်တွင် ၁ဝ လက်၊ ကံမမြို့နယ်တွင် ၂၂ လက်၊ အောင်လံခရိုင် အောင်လံမြို့နယ်တွင် ၄၆ လက်နှင့် ဆင်ပေါင်ဝဲမြို့နယ်တွင် ၁၅ လက်၊ စုစုပေါင်း အလက် ၅၀၀ ကို တိုင်းဒေသကြီးအတွင်းရှိ တောင်သူများအတွက် ယခုနှစ်နွေစပါးစိုက်ပျိုးချိန်ရာသီအမီ ဖြန့်ဖြူးပေးအပ်သွားမှာဖြစ်ပါ တယ်။ စပါးစိုက်တောင်သူများအနေဖြင့် စပါးစိုက်ပျိုးရာတွင် လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder ကို အသုံးပြု စိုက်ပျိုးခြင်းအားဖြင့် စိုက်ပျိုးနည်းစနစ် မမှန်ကန်သည့် ပက်ကြဲစနစ်ပပျောက်ကာ မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ စပါး စိုက်ပျိုးစရိတ်သွင်းအားစု (ကောက်စိုက်သမလုပ်အားခ)နှင့် လုပ်သားရှားပါးမှုကို ကျော်လွှားနိုင်ခြင်း၊ တမန်းပေါ်တွင် မျိုးစေ့အကျမှန်ကန်ပြီး စပါးအပင်ပေါက်ညီကာ အတန်းကြား အကွာအဝေးညီခြင်းနှင့် စိုက်ပျိုးနည်းစနစ် မှန်ကန်စွာ စိုက်ပျိုးနိုင်သည့်အတွက် စပါးတစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်စွာရရှိစေနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများကို ရရှိစေနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီကာလမှာ ယခုနှစ် မိုးစပါးကို ၆၃၀,၃၇၉ ဧက အထိ စိုက်ပျိုးနိုင်ခဲ့ပြီး လာမယ့်နွေစိုက်ပျိုးရာသီမှာလည်း ၅၆၂ ဧက စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS-004)