“ကျောက်မျက်ပြပွဲ စတုတ္ထနေ့မှာ ကျောက်မျက် ၆၂ တွဲ ရောင်းချနိုင်ခဲ့”

22 Nov

၂၀၂၄ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ဖြစ်တဲ့ နိုဝင်ဘာလ ၂၁ ရက်က ကျောက်မျက်အတွဲ ၆၂ တွဲ ရောင်းချနိုင်ခဲ့တယ်လို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီကနေ သိရပါတယ်။ ပြပွဲမှာရောင်းချမယ့် ကျောက်မျက်အတွဲ အမှတ် ၁ မှ ၁၆၀ ထိ ကျောက်မျက်အတွဲတွေကို ရတနာကုန်သည် တွေက ကြည့်ရှုစစ်ဆေးပြီး ဈေးနှုန်းတင်သွင်းလွှာတွေကို သက်ဆိုင်ရာတင်ဒါပုံးတွေအတွင်းကို ထည့်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါတင်သွင်းထားတဲ့ ဈေးနှုန်းတင်သွင်းလွှာတွေကို တာဝန်ရှိသူတွေက ဖွင့်ဖောက်စစ်ဆေးကာ ကျောက်မျက်အတွဲ ၆၂ တွဲ ရောင်းချရကြောင်း ကြေညာခဲ့ပါတယ်။ ရောင်းချခဲ့ရတဲ့ ကျောက်မျက်အတွဲတွေကို အမေရိကန်ဒေါ်လာနဲ့ အခြေခံဈေးသတ်မှတ်ထားပြီး ဝယ်ယူခွင့်ရရှိတဲ့ ပြည်ပရတနာကုန်သည်တွေအနေနဲ့ အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ နဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လက်ခံတဲ့ နိုင်ငံခြားငွေ အမျိုးအစားတွေ နဲ့ ပြည်တွင်းရတနာကုန်သည်တွေအနေနဲ့ နိုင်ငံခြားငွေ ဒါမှမဟုတ် ကျပ်ငွေနဲ့ ပေးချေဝယ်ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၂၁ ရက် ညနေပိုင်းမှာတော့ ကျောက်စိမ်းအတွဲ အမှတ် ၁ မှ ၈၅၀ ထိ တင်သွင်းထားတဲ့ ဈေးနှုန်း တင်သွင်းလွှာတွေကို တာဝန်ရှိသူတွေက ဖွင့်ဖောက်စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။ (NVS 004)

22 Nov

ADVERTISE HERE .