“နာဂဒေသထွက် ကျောက်ကြမ်းပိုးများ တရုတ်နိုင်ငံမှ ဈေးကောင်းပေးဝယ်ယူ”

21 Nov

ဆောင်းတွင်းကာလထွက် နာဂဒေသမှ ကျောက်ကြမ်းပိုးများကို တရုတ်နိုင်ငံမှ ဈေးကောင်းပေး ဝယ်ယူလျက်ရှိ ကြောင်း သိရပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ဆောင်းတွင်းကာလရာသီပေါ်ဖြစ်တဲ့ ကျောက်ကြမ်းပိုး ရောင်းသူ၊ ဝယ်သူ များပြားလျက်ရှိတာကြောင့် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေရရှိနေပါတယ်။ ကျောက်ကြမ်းပိုး ၁ဝ သား လျှင် ငွေကျပ် ၃၆,ဝဝဝ ဖြစ်ပြီး တစ်ပိဿာလျှင် ငွေကျပ် ၃၆ဝ,ဝဝဝ အထိ ဈေးရရှိပါတယ်။ အဆိုပါကျောက်ကြမ်းပိုးကို လဟယ်၊ ခန္တီး၊ နန်းယွန်း၊ ပန်ဆောင်မြို့ ကိုယ်စားလှယ်များက လာရောက် ဝယ်ယူ လျက်ရှိပြီး ကျောက်ကြမ်းပိုးများရှိရာ နန်စလိန်ချောင်းကမ်းပါးအနီးတစ်ဝိုက်တွင်လည်း ကျောက်ကြမ်းပိုးရှာသူများဖြင့် စည်ကားလျက်ရှိပါတယ်။ နာဂဒေသ၊ ထန်ပါခွေမြို့ ဒေသခံပြည်သူလူငယ်များက ကျောင်းပိတ်ချိန်နှင့် တောင်ယာ နားချိန်၊ အားလပ်ချိန်များတွင် ကျောက်ကြမ်းပိုးရှာဖွေကြလျက်ရှိပြီး ထန်ပါခွေမြို့တွင် တစ်နှစ်တစ်ခေါက် ဆောင်းတွင်း ကာလအချိန်မှာသာ ကျောက်ကြမ်းပိုးများကို ရှာဖွေရရှိနိုင်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ကြမ်းပိုးများသည် လူသူအရောက်အပေါက်နည်းတဲ့ ချောင်းများ၊ ချောင်းစပ်နှင့် ကျောက်ကြို ကျောက်ကြားများတွင် တွေ့ရတက်ပြီး ရှာဖွေသူများအနေနဲ့ နံနက်ပိုင်းခင်းပိုင်းမှာ ကျောက်ခဲများအောက်တွင် ရှာဖွေကြ ပြီး ညနေပိုင်းမှာတော့ ကျောက်ကြမ်းပိုးအစာရှာထွက်ချိန်တွင် ဝါး၊ ခြင်ထောင်၊ ဆန်ခါ ၊ ခြင်း၊ ရိုက်တံရှည်များဖြင့် ဖမ်းလေ့ ရှိကြပါတယ်။ ကျောက်ကြမ်းပိုးကို ၂ဝ၁၉ ခုနှစ်တွင် တရုတ်နိုင်ငံမှ စတင်ဝယ်ယူပြီးနောက် ဈေးကောင်းရလာပြီး ယခင်က ကျောက်ကြမ်းပိုး နို့ဆီတစ်ဘူးလျှင် ငွေကျပ် ငါးရာခန့်သာ ရရှိပြီး ယခုအခါမှာတော့ ကျောက်ကြမ်းပိုးကောင်များကို ဆေးဖော်စပ်ရန်အတွက် တရုတ်နိုင်ငံက ဈေးကောင်းပေးဝယ်ယူနေခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

21 Nov

ADVERTISE HERE .