“စီးပွားဖြစ် ဇီဝဇိုးငှက် မွေးမြူသူ များပြားလာ”

21 Nov

ဇီဝဇိုး ငှက်သိုက်များကို တရုတ်၊ ဂျပန်၊ ထိုင်း၊ ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့မှ ဝယ်ယူမှု များလာတာကြောင့် ဇီဝဇိုးငှက်သိုက် မွေးမြူသူများပြားလာတယ်လို့ သိရပါတယ်။ ဇီဝဇိုးငှက်သိုက်များက နိုင်ငံတကာဈေးကွက်ကို တင်ပို့နိုင်သော ပို့ကုန်တစ်ခုဖြစ်လာခဲ့ပြီး အမျိုးအစား အလိုက် တစ်ပိဿာကို အနည်းဆုံးကျပ် ၁၆ သိန်းမှ အများဆုံးကျပ် ၂၂ သိန်းအထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။ ယခင်က ဇီဝဇိုးငှက် မွေးမြူခြင်းမှ ငှက်သိုက်ထုတ်လုပ်ခြင်းလုပ်ငန်းကို တနင်္သာရီတိုင်းဒေသကြီးမှာ ၂၀၀၂ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၃ ခုနှစ်နောက်ပိုင်းမှသာ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တွင်တွင်ကျယ်ကျယ် မွေးမြူလာကြောင်း သိရပါတယ်။ ဇီဝဇိုးငှက်များကို ပုသိမ်အနောက်ဘက် ကမ်းခြေအလွန်ရှိ ကျွန်းများ၊ တနင်္သာရီကမ်းရိုးတန်းနှင့် မြိတ်ကျွန်းစု တို့မှာ အများအားဖြင့် တွေ့ရှိရပါတယ်။ ဒါ့အပြင် သဘာဝအတိုင်းရရှိသည့် ဇီဝဇိုး ငှက်သိုက်များကို သစ်တော ဦးစီးဌာနကဦးစီးပြီး နှစ်စဉ် ငှက်သိုက်သိမ်းယူခွင့် လိုင်စင်ထုတ်ပေးကာ ငှက်မျိုးစိတ် မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရန် ဥပဒေများနဲ့ ထိန်းသိမ်းထားကြောင်းသိရပါတယ်။ (NVS 008)

21 Nov

ADVERTISE HERE .