“အင်ဒိုနီးရှားနိုင်ငံက မြန်မာ့ဆန်ကို အများဆုံးဝယ်ယူထား”

21 Nov

အင်ဒိုနီးရှားနိုင်ငံက ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့ဆန်တန်ချိန် သုံးသိန်းခြောက်သောင်းကျော်ကို ဝယ်ယူ တင်သွင်းခဲ့ပြီး ဝယ်ယူတင်သွင်းတဲ့ ထိပ်တန်းနိုင်ငံဖြစ်လာခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။ အလားတူ မြန်မာ့ဆန်ကို ဝယ်ယူတင်သွင်းတဲ့ နိုင်ငံများစာရင်းမှာ တရုတ်နိုင်ငံက ဆန်တန်ချိန်ပေါင်း ၂၇၆,၄၀၀ နဲ့ ဒုတိယ၊ ဘယ်လ်ဂျီယံနိုင်ငံက ၂၁၉,၄၀၀ တန်နဲ့ တတိယရှိခဲ့ပြီး ၎င်းနောက်မှ ဖိလစ်ပိုင်နိုင်ငံ ၁၁၄,၇၀၀ တန်၊ ဆီနီဂေါနိုင်ငံ ၄၄,၃၀၀ တန် စသဖြင့် မြန်မာ့ဆန်ကို ဝယ်ယူတင်သွင်းတဲ့ အများဆုံးနိုင်ငံများစာရင်းမှာ အသီးသီး ရပ်တည် နေကြပါတယ်။ ဧပြီလ ၁ ရက်မှာ စတင်တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရဲ့ ၇ လတာအတွင်း မြန်မာ့ဆန်နှင့်ဆန်ကွဲ တန်ချိန် စုစုပေါင်း ၁ ဒသမ ၃၆ သန်းကျော် တင်ပို့ထားပြီး ပို့ကုန်ရငွေတန်ဖိုးအားနဲ့ အမေရိကန်ဒေါ်လာ ၆၄၇ သန်းခန့် ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းများအရလည်း သိရပါတယ်။ ဒါ့အပြင် အသင်းချုပ်အနေနဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တစ်နှစ်လုံးမှာ ဆန်တန်ချိန်ပေါင်း ၂ ဒသမ ၅ သန်းကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ (NVS 008)

21 Nov

ADVERTISE HERE .