“သီတဂူစက္ခုဒါနဆေးရုံတော်မှာ မျက်စိဝေဒနာရှင်များကို (၈) ကြိမ်မြောက် အခမဲ့စမ်းသပ်စစ်ဆေး ခွဲစိတ်ကုသပေးမည်”

21 Nov

နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များရဲ့ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ သီတဂူဆရာတော် ဘဒ္ဒန္တ ဉာဏိဿရ ၏ ဩဝါဒကိုခံယူပြီး သီတဂူမျက်စိအထူးကုဆရာဝန်ကြီးများက မျက်စိဝေဒနာရှင်များကို (၈) ကြိမ်မြောက်အဖြစ် အခမဲ့စမ်းသပ်၊ စစ်ဆေး၊ ခွဲစိတ်ကုသပေးခြင်းများကို နိုဝင်ဘာလ ၂၂ ရက်မှ ၂၇ ရက်အထိ သီတဂူမျက်စိအလှူတော်ကို ဆောင်ရွက်ပေး သွားမယ်လို့ သိရပါတယ်။ အဆိုပါသီတဂူမျက်စိအလှူတော်အစီအစဉ်ကို ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ မြို့နယ်သီတဂူစက္ခုဒါန ဆေးရုံ (ရန်ကုန်)မှာ ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်မှာတော့ မျက်စိအခမဲ့ခွဲစိတ်မှုခံယူထားသူများကို အမြင်အာရုံ ကောင်း/မကောင်း၊ မျက်စိထဲတွင်ထည့်ပေးထားတဲ့ Lens လေးများစောင်းသွားခြင်းရှိ/မရှိ၊ တည့်မတည့်၊ နေရာရွေ့/မရွေ့ အပြင် ခွဲစိတ်ထားသူများ၊ မျက်စိအောင့်ခြင်း၊ ကိုက်ခဲခြင်းများအတွက် အထူးကုဆရာဝန်ကြီးများက စစ်ဆေးပြီး လိုအပ်တဲ့ ဆေးဝါးထုတ်ပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ သီတဂူဆရာတော်ကြီးသည် ၁၉၉၀ ပြည့်နှစ် မတ်လ ၁၀ ရက်တွင် စစ်ကိုင်းတောင်ရိုး၌ သီတဂူအာယုဒါန ဆေးရုံတော်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုအခါမှာ သီတဂူဆေးရုံတော်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ပေးခဲ့ရာ ဆေးရုံတော်ပေါင်း ၄၄ ရုံအထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မျက်စိဝေဒနာရှင်ပေါင်း နှစ်သန်း ကျော်ကို ကြည့်ရှုပေးခဲ့ပြီး ငါးသိန်းခန့်ကို မျက်စိအလင်းအလှူပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)

21 Nov

ADVERTISE HERE .