“ယူကရိန်း က အမေရိကန်ထုတ် ATACMS ဒုံးကျည်များဖြင့် ရုရှားနိုင်ငံ ဘီယန့်(စ်)မြို့ကို တိုက်ခိုက်ခဲ့"

20 Nov

ယူကရိန်းတပ်မတော်က အမေရိကန်နိုင်ငံထုတ် ATACMS ဒုံးကျည်အမြောက်အမြားဖြင့် ရုရှားနိုင်ငံ ဘီယန့်(စ်) မြို့ကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ထား သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏နိုဝင်ဘာလ ၁၉ ရက် ထုတ်ပြန်ချက်အရ ယူကရိန်းသည် ရုရှားကို အမေရိကန်ထုတ် ATACMS ဒုံးကျည်ခြောက်စင်းနှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒုံးကျည်များ အနက် ငါးစင်းကို ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့မှ ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး ကျန်တစ်စင်းကို ကြားဖြတ်ဟန့်တားနိုင်ခြင်းမရှိခဲ့သော်လည်း ဘီယန့်(စ်)မြို့ရှိ စစ်စခန်းတစ်ခု၏မြေကွက်လပ်တွင် ကျရောက်ပြီး မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ဘီယန့်(စ်)မြို့သည် ရုရှားနိုင်ငံ၏အနောက်ပိုင်း တွင် တည်ရှိပြီး ယူကရိန်း၊ ဘယ်လာရုစ်ဇ်နိုင်ငံများနှင့် နယ်မြေချင်း ထိစပ်နေသည့် နေရာတစ်ခုဖြစ်သည်။ ယူကရိန်းနိုင်ငံ က အမေရိကန်နိုင်ငံထုတ် တာဝေးပစ်ဒုံးကျည်များကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး ရုရှားနိုင်ငံ အတွင်းပိုင်းဒေသအထိ ပစ်ခတ်မှုများ လုပ်နိုင်ကြောင်း တွေ့ရှိရသည်။ ယူကရိန်းမီဒီယာများကလည်း ယူကရိန်း တပ်မတော်က ရုရှားနိုင်ငံအတွင်းပိုင်းကို ATACMS ဒုံးကျည်များအသုံးပြုပြီး ပထမဆုံးအကြိမ် ပစ်ခတ်တိုက်ခိုက် ခြင်းဖြစ်ကြောင်း တရားဝင်ထုတ်ပြန်လာခြင်း ဖြစ်သည်။ ယူကရိန်းသည် အနောက်အုပ်စုမှ ထောက်ပံ့ပေးထား သည့် တာဝေးပစ်လက်နက်များနှင့် ရုရှားကို ဆက်လက်တိုက်ခိုက်မှုများ ပြုလုပ်မည်ဆိုပါက ပဋိပက္ခကို ပိုမို တင်းမာစေမည် ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် က အစောပိုင်းက သတိပေးထားပြီးဖြစ်ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

20 Nov

ADVERTISE HERE .