“တရုတ်က ထရမ့်လက်ထက် တောင်တရုတ်ပင်လယ်ပဋိပက္ခ ဆက်လက်ဖြစ်ပွားနိုင်တာကြောင့် အကောင်းဆုံး ပြင်ဆင်ထားသည်ဟု ပြော”
20 Novအမေရိကန်နိုင်ငံ၏ သမ္မတတာဝန်ကို ထပ်မံထမ်းဆောင်မည့် ဒေါ်နယ်ထရမ့်လက်ထက်တွင်လည်း တောင်တရုတ်ပင်လယ်ပဋိပက္ခသည် ဆက်လက်ဖြစ်ပွားနိုင်ဆဲဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံက ယခုအကြိမ်တွင် အကောင်းဆုံးပြင်ဆင်ထားကြောင်း စစ်ရေးလေ့လာသူနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အငြိမ်းစားအရာရှိကြီးတစ်ဦးက ပြောသည်။ တောင်တရုတ်ပင်လယ်ပဋိပက္ခသည် ပိုမိုကြီးထွားလာနိုင်ပြီး ရေပြင် သို့မဟုတ် ဝေဟင်တွင်ပါ မတော်တဆမှုများ သို့မဟုတ် ဆိုးဝါးသည့် ပဋိပက္ခများ ဖြစ်လာနိုင်ကာ ထိုင်ဝမ်ကျွန်း အရေးထက်ပင် ပိုမိုအရေးပါသည့် အခြေအနေဖြစ်လာနိုင်ကြောင်း အငြိမ်းစားအကြီးတန်း ဗိုလ်မှူးကြီး ကျိုးဘို ကပြောသည်။ လက်ရှိတွင် တရုတ်နှင့်ဖိလစ်ပိုင်တို့ကြားတွင် တင်းမာမှုများ ဖြစ်ပေါ်နေသော်လည်း နောက်ဆုံးတွင်မူ ပင်လယ်ရေပိုင်နက်အငြင်းပွားမှုကို ဖြေရှင်းနိုင်မည်ဖြစ်သော်လည်း တောင်တရုတ်ပင်လယ်နှင့်ပတ်သက်၍ တရုတ် နှင့်အမေရိကန်တို့ကြား ပဋိပက္ခများ ပိုမိုဖြစ်ပွားလာနိုင်သည်ဟု ၎င်းက ခန့်မှန်းထားသည်။ ၂၀၂၁ ခုနှစ် ဆောင်းဦး ရာသီမှ ၂၀၂၃ ခုနှစ် ဆောင်းဦးရာသီအတွင်း တောင်တရုတ်ပင်လယ်၌ အမေရိကန်လေယာဉ်များကို တရုတ်ဘက် က ကြားဝင်ဟန့်တားမှု အကြိမ်ရေ ၁၈၀ ကျော်ရှိကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ကို ကိုးကား၍ ကျိုးဘိုက ယခုကဲ့သို့ ခန့်မှန်းထားခြင်း ဖြစ်သည်။ ထို့ကြောင့် လေးရက်တစ်ကြိမ်နှုန်းဖြင့် ဖြစ်စဉ်များ ဖြစ်ပွားနေသည်ကို တွေ့ရပြီး အဓိကမှာ နိုင်ငံတကာ ဥပဒေအပေါ်နားလည်မှု လွဲမှားနေခြင်းဖြစ်ကြောင်း ကျိုးဘို က ပြောထားသည်ဟု South China Morning Post သတင်းဌာနတွင် ဖော်ပြထားသည်။