တစ်နှစ်သက်တမ်းရှိ ရေနံနှင့်ရေနံထွက်ပစ္စည်း သယ်ယူပို့ဆောင်ခြင်းလက်မှတ်ထုတ်ပေးမည်
20 Novစက်သုံးဆီသယ်ယာဉ်များအတွက် တစ်နှစ်သက်တမ်းရှိ ရေနံနှင့် ရေနံထွက်ပစ္စည်း သယ်ယူပို့ဆောင်ခြင်း လက်မှတ်ထုတ်ပေးမည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။ စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာနအနေနဲ့ ယင်းပစ္စည်းများကို သယ်ယူ ပို့ဆောင်ရာမှာ ပိုမိုစနစ်တကျဖြစ်စေရန် လက်မှတ်ကို ထုတ်ပေးခြင်းဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လက်မှတ် အတွက် တိုင်းဒေသကြီး/ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ဆီသယ်ယာဉ်နှင့် ဆီသယ်နောက်တွဲယာဉ် ပိုင်ရှင်များအနေနဲ့ သတ်မှတ်ချက်နှင့်အညီ တင်ပြလျှောက်ထားရမှာ ဖြစ်ပါတယ်။ သက်တမ်းတိုးရန် ပျက်ကွက်မှု ဒဏ်ကြေးနှင့် သက်တမ်းကျော်လွန်သော နှစ်များအတွက် ရေနံနှင့်ရေနံထွက်ပစ္စည်းသယ်ယူပို့ဆောင်ခြင်း ကြီးကြပ် လက်မှတ်ကြေးကိုပါ ကောက်ခံမှာ ဖြစ်ပါတယ်။ ယာဉ်မောင်းနှင်သူက ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ဖွင့်လှစ်သော ဆီသယ်ယာဉ် ကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်း တက်ရောက်ပြီး သင်တန်းဆင်းလက်မှတ်ရှိရမှာဖြစ်ကြောင်း၊ ယင်းသို့မဟုတ်ပါက သင်တန်းဖွင့်လှစ်ပါက တက်ရောက်မည်ဆိုသည့် ဝန်ခံကတိပါရှိရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စက်သုံးဆီသယ်ယူခြင်းလုပ်ငန်းကို လုပ်ကိုင်လိုခြင်းမရှိတော့တဲ့ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအနေနဲ့ ဆီသယ်ယာဉ် နှင့် ဆီသယ်နောက်တွဲယာဉ်များအတွက် ထုတ်ပေးထားတဲ့ ရေနံနှင့်ရေနံထွက်ပစ္စည်း သယ်ယူပို့ဆောင်ခြင်းလက်မှတ် ကို ဌာနသို့ ပြန်လည်အပ်နှံရမည်ဖြစ်ကြောင်း၊ အဆိုပါလက်မှတ်ပျောက်ဆုံး/ပျက်စီးပါက မူလလျှောက်ထားတဲ့ရုံးများ သို့ ပြန်လည်လျှောက်ထားရမှာဖြစ်ပြီး ပျောက်ဆုံးပါက သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့၏ ထောက်ခံချက်နှင့်အတူ လျှောက်ထားရမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ (NVS 003)